ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ ဩဂုတ် ၂၈ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
ပဲခူးရိုးမ ပေါ်သို့တက်လာသည့် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းမှာ တောင်တန်းမြိုင်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကာ အထိနာခဲ့ ကြောင်း သိရသည်။
“မနေ့(ဩဂုတ်၂၇ရက်)က တိုက်ပွဲမှာ စစ်တပ်ဘက်က တော်တော်အထိနာသွားတယ်။ ကျွန်တော်တို့ ဘက်က လက်နက်တွေကောက်မဲ့ အချိန်မှာပဲ သူတို့က လက်နက်ကြီးနဲ့ကော ဒရုန်းနဲ့ပါပစ်လို့ ပြန်ဆုတ်ခဲ့ရတယ်။ တပ်မ ၆၆ က တပ်ရင်းမှူးတစ်ယောက် ထိတယ်လို့လည်း သိရတယ်။ ဒရုန်း တစ်စင်းကိုလည်း ပစ်ချလိုက်နိုင်တယ်လို့ ရဲဘော်တွေဘက်က ပြန်ပြောတယ်။ အခုက သူတို့တွေ ထန်းပင်ချောင်မှာ တပ်စွဲနေတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်သည် ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် ရေငံရွာ နှင့် အုပ်ဖိုစု ကျေးရွာကို ဩဂုတ် ၂၇ ရက်၊ ည ၉ နာရီ ဝန်းကျင်တွင် မီးရှို့ခဲ့ကြောင်း သိရသည်။
“လက်ရှိကတော့ ရွာထဲဝင်လို့မရသေးတာ့ အခြေအနေကို မသိရသေးဘူး။ မီးရှို့ဖို့က အရင် တိုက်ပွဲပြီးတည်းက စီစဉ်နေတာလို့ကြားတယ်။ အဲ့တာ မိုးရွာလို့မရှို့ဖြစ်ပဲ အခုတိုက်ပွဲပြီးတော့ ရှို့လိုက် တာ။ ဒီနေ့မနက်ပိုင်းမှာလည်း မီးမလောင်ပဲကျန်တဲ့ တိုက်အိမ်လိုမျိုးတွေကို ဓာတ်ဆီလောင်း မီးရှို့နေ တယ်လို့ သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးရှို့ခံရသည့် ရေငံရွာနှင့် အုပ်ဖိုစုရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင် နှင် ၂၀၀ ဝန်းကျင် အသီးသီးရှိသည့် ကျေးရွာများဖြစ်ပြီး ဒေသခံ အများစုမှာ ယခင်တိုက်ပွဲများဖြစ်ပွား ခဲ့စဉ်ကတည်းက စစ်ဘေးတိမ်းရှောင် မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်ရှိ ရေငံကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့ကလည်း နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ၁၀ ဦးအရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြာင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#လက်ပံတန်း #ရေငံရွာ #စစ်ကောင်စီ #မီးတင်ရှို့ #တိုက်ပွဲ #PDF #Ayeyarwaddy_Times