ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ ဩဂုတ် ၂၀ ရက်

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးအကျဉ်းထောင်တွင် ယမန်နေ့ ဩဂုတ် ၁၉ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်က နိုင်ငံရေးအကျဉ်းသူများကို အကျဉ်းဦးစီးဝန်ထမ်း အမျိုးသားများက အင်အားသုံးကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။

ထောင်ပြောင်းရွှေ့လာသည့် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးကို စစ်‌ဆေးရန်ဟုဆိုကာ နှစ်ပွင့်အရာရှိ အမျိုးသမီးဝန်ထမ်း ဒေါ်စန်းနွယ်ဦး က ဆံပင်ဆွဲကာရိုက်နှက် ခေါ်ဆောင်ခြင်းအပေါ် ကျန်နိုင်ငံရေး အကျဉ်းသူများက ဝိုင်းဝန်းဖြေရှင်းရန်ကြိုးပမ်းမှုကို ကာကွယ်ပေးသည်ဟုဆိုကာ ထောင်ဝန်ထမ်း အမျိုးသား ၅၀ ကျော်က အဆိုပါအကျဉ်းသူများကို ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဓိက ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ခုနစ် ဦး မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လုံခြုံရေးအရ အသက်အန္တရာယ် အထူးစိုးရိမ်နေရသည့် အနေအထားတွင်ရှိနေပြီး ဖြစ်စဉ်တွင်ပါဝင်သည့် ကျန်နိုင်ငံရေးအကျဉ်းသူများမှာလည်း လေးဂွထိမှန်ခြင်းကဲ့သို့ အသေးစားဒဏ်ရာများ ရရှိထား ကြောင်း သိရသည်။

“အဲဒီမှာ ရိုက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ဆီးအိမ်လမ်းကြောင်းတစ်လျှောက်၊ ဗိုက်မှာရောဂါရှိတော့ ဆေးဝါးကုသမှုခံယူနေရတဲ့သူဖြစ်တယ်။ အဲ့ဒီလိုလူကိုပါ ခြေထောက်နဲ့ကန်တယ်ပေါ့။ အဓိက စိုးရိမ်ရတဲ့ အခြေအနေဆိုတာက အဲ့ဒီထောင်ရဲ့ရှေ့မှာ စစ်တပ်ရှိတယ်ပေါ့။ အချိန်မရွေး ခေါ်ထုတ်ခံရ လောက်တဲ့ အခြေအနေရှိတယ်ပေါ့။ ဒါကြောင့်လည်းကျွန်တော်တို့က အရေးပေါ်အခြေအနေအနေနဲ့ ထုတ်ပြန်ခြင်းဖြစ်ပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒိုက်ဦးထောင်တွင် ရိုက်နှက်ခြင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦးမှာ ကျိုက်မရောထောင်မှ ထောင်ပြာင်းလာသူ သုံးဦး၊ အင်းစိန် ထောင်မှ ထောင်ပြောင်းလာသူ နှစ်ဦး၊ မူလဒိုက်ဦးထောင် တွင်ရှိနေသူ နှစ်ဦး တို့ ပါဝင် ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒိုက်ဦးထောင်ဝန်ထမ်း အမျိုးသား ၅၀ ဦး နှင့် အမျိုးသမီး ခုနစ် ဦးမှာ အမျိုးသမီး အဆောင်တွင်း သို့ တုတ်၊ လေးဂွ၊ ကျဉ်စက်များယူဆောင်ကာ ကျိုက်မရောထောင်မှ ထောင်ပြောင်း ရောက်ရှိလာသည့် နိုင်ငံ ရေးအကျဉ်းသူအမျိုးသမီးကို ထောင်ဝင်စာပစ္စည်များတွင် တရားမဝင်ပစ္စည်း ပါလာသည်ဟုဆိုကာ အင်အားသုံးလာရောက် ခေါ်ဆောင်ခဲ့သည့်အတွက် လက်မခံရာမှာ စတင်ကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒိုက်ဦးထောင်တွင် အကျဉ်းသူအမျိုးသမီးများကို ယခုကဲ့သို့ ထောင်ဝန်ထမ်းအမျိုးသားများမှ အမျိုးသမီးအဆောင်တွင်းထိ ဝင်ရောက်ရိုက်နှက်မှုဖြစ်စဉ်မှာ ယခုနှစ်အတွင်း နှစ်ကြိမ်ရှိပြီဖြစ်ကာ အမျိုးသမီး အဆောင်အတွင်းသို့ ‌‌‌အမျိုး သားများဝင်ရောက်ခွင့်မရှိသည့် အကျဉ်းထောင်လက်စွဲဥပဒေကို ဥပဒေမဲ့စွာချိုးဖာက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဥပဒေနဲ့ လက်စွဲပါပြဋ္ဌာန်းချက်များ အတိုင်းဆိုရင် အမျိုးသမီး အချုပ်ကျ၊ အကျဉ်းကျ အခန်းများ အတွင်းကို ဝင်ရောက်စစ်ဆေးခြင်း (ထောင်စကားက ဒါကို တလာစီတယ်လို့ ခေါ်ပါတယ်)၊ လူစစ်ခြင်း အစရှိတဲ့ ကိစ္စတွေကို အကျဉ်းဦးစီးဌာန အမျိုးသမီး ဝန်ထမ်းများကသာ ဆောင်ရွက်ရပါတယ်။ အမျိုးသမီးအကျဉ်းထောင်ကို အကျဉ်းဦးစီးဌာန အမျိုးသမီး ဝန်ထမ်းများကသာ ကြီးကြပ်ကွပ်ကဲ ထိန်းသိမ်းရေး တာဝန်များကို ဆောင်ရွက်ရပါတယ်” ဟု တရားလွှတ် တော်ရှေ့နေ စောဘဦး လေးကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက အမျိုးသမီး အကျဥ်းသူများကို ဥပဒေမဲ့စွာ ရိုက်နှက်ခံရခြင်းကဲ့သို့ လူ့အခွင့် အရေးချိုးဖောက်ခံ နေရခြင်းများအပေါ် ကမ္ဘာ့ကြက် ခြေနီအဖွဲ့ (ICRC) ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း တက်နိုင်သည့်ဘက်မှ အကူအညီများ ပေး စေလိုကြောင်း နိုင်ငံရေးအကျဉ်းသားအရေးကို လှုပ်ရှားနေသူများက ပြောဆိုထားသည်။

ဒိုက်ဦးထောင်တွင် ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့ကလည်း ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသူများကို အမျိုးသားဝန်ထမ်းများမှ အင်အားသုံး ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသူ ၃၀ ကျော် မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပိတ်ခံခဲ့ရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)
#ဒိုက်ဦးထောင် #နိုင်ငံရေးအကျဉ်းသူ #ရိုက်နှက်ခံရ #‌ထောင်ဝန်ထမ်း #အမျိုးသား #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင် ဆိုင်နေရသည့် အခက် အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အသိပေးအပ်ပါသည်။)