ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေတောင်းခံခဲ့ပြီး တိုင်ကြားပါက ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဇော်၊တူဖြစ်သူ ကိုကျော်ဆန်း၀င်းနှင့် ကျေးရွာပြည်သူ့စစ် အောင်ကိုဆိုသူတို့သည် ကျေးရွာအုပ်စုအတွင်းမှ လူငယ်များရှိသည့်နေအိမ်များကို စစ်မှုထမ်းမလိုက်လိုပါက တစ်အိမ်လျှင် ခြောက်သိန်းကျပ် တောင်းခံခဲ့ကြောင်း ဒေသခံများမှပြောသည်။

“စစ်မှုမထမ်းချင်ရင် ပိုက်ဆံပေးရမယ် မပေးရင် စစ်ထဲထည့်မယ်ခြိမ်းခြောက်တယ်။ နောက်ပြီး ခုလို ငွေတောင်းတဲ့အကြောင်း တိုင်ရင်လဲ စုံစမ်းပြီး ဖမ်းမယ်လို့ ပြောတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးချပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများလုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

#မော်လမြိုင်ကျွန်း #စစ်မှုထမ်းဥပဒေ #ငွေတောင်း #တိုင်ကြားပါက #အရေးယူမည် #ခြိမ်းခြောက် #Ayeyarwaddy_Times