ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် သစ်ကောက်ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ ရေတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ ခြောက်ဦး သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့က သံတွဲမြို့ သစ်ကောက်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် စစ်ရှောင် ဒေသခံ ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ရှိကြောင်း ဒေသခံများထံက သိရသည်။

“သံတွဲတိုက်ပွဲအတွင်းမှာ အိမ်စောင့်ကျန်ခဲ့သူရော၊ ရှောင်ဖို့ ကျန်းမာရေးအခြေအနေအရ မဖြစ်နိုင် သူတွေရော သစ်ကောက်ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်လာနေကြတာ။ လက်နက်ကြီးကျတော့ အစုလိုက်ထိကုန်တယ်” ဟု သံတွဲမှ စစ်ရှောင် လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်သည် သံတွဲတွင်နောက်ဆုံးကျန်နေသော တပ်စခန်းတစ်ခုဖြစ်ပြီး AAက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

“သံတွဲမှာ အမေတို့ ဦးလေးတို့ကျန်ခဲ့တယ်။ မှတ်ပုံတင် မရှိလို့ ဘယ်မြို့ကိုမှထွက်မရဘူး။ ဖုန်းအဆက် အသွယ်တွေလည်းပြတ်နေတယ်။ စစ်ဘေးရော၊ ရေဘေးရော ခံလိုက်ရတာဆိုတော့ စိတ်ပူတယ်။ သံတွဲ မှတ်ပုံတင်ကိုင်ထားရင် စစ်တပ်က ပေးမဝင်ဘူးပြောတယ်” ဟု သံတွဲမှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။

AA က သံတွဲရှိ ခလရ-၅၅၊ ခမရ- ၅၆၆၊ သံတွဲလေဆိပ်နှင့် ငပလီဟိုတယ်ဇုန်တို့ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီ၏ နောက်ဆုံးကျန်နေသော မောင်ရွှေလေး ရေတပ်နှင့် ဇလွန်ရွာရှိ စစ်ကောင်စီတပ်စွဲ ထားရာနေရာတို့ကို တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်ကလည်း မြောက်ဦးမြို့နယ်ရှိ မြောက်ဦးဟိုတယ်ကို လေယာဉ်မှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ခြောက်ဦး ထိခိုက်သေဆုံးခဲ့ပြီး ၁၀ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

#သံတွဲ #သစ်ကောက်ကျေးရွာ #စစ်ကောင်စီ #မောင်ရွှေလေးရေတပ်စခန်း #လက်နက်ကြီးကျည်ကျ #ဒေသခံ #၆ဦးသေဆုံး #Ayeyarwaddy_Times