
နိုင်မင်းလွင်-မြရာ/ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
စစ်ရှုံးစစ်ကောင်စီအတွက် အကူအညီပေးရန် ရုရှားအစိုးရထံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့) ဥက္ကဋ္ဌ ဦးခင်ရီ တောင်းဆိုနေမှုသည် လက်ရှိအခြေအနေနှင့် တရုတ်ကြောင့် ရနိုင်ရန်မရှိဘဲ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တမင်ရွဲ့ခြင်းသာဖြစ်ကြောင်း လေ့လာသူများနှင့် စစ်ရေး စောင့်ကြည့်သူတို့က သုံးသပ်သည်။
စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ၌ မရှုမလှ အရေးနိမ့်လာသော ၎င်းတို့ထောက်ခံ စစ်ကောင်စီအတွက် ရုရှားနိုင်ငံအနေဖြင့် မြန်မာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် မှတ်ယူ၍ တိုက်ဖျက်ရေး ကူညီပေးရန် ကြံ့ဖွံ့ဥက္ကဋ္ဌ ဦးခင်ရီက ရုရှားသတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။
“ရုရှားက ကူ မကူ မသေချာဘူး။ သူ့အရှုပ်နဲ့သူ။ ကူရင်တော့ နည်းပညာ (သို့မဟုတ်) လေယာဉ် ရနိုင်တယ်။ ရုရှားဝင်လာရင် တရုတ်-အမေရိကန်ကလည်း ကြည့်နေမှာမဟုတ်ဘဲ ဝင်လာမယ်။ နိုင်ငံတကာ ပတ်သက်တဲ့ စစ်ပွဲတွေ ဖြစ်သွားမယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
အဆိုပါ အခြေအနေအရ ရုရှားနှင့် တရုတ်သည် မြန်မာနိုင်ငံကြောင့် ရန်ဖြစ်လိမ့်မည် မဟုတ်ဘဲ အပြန်အလှန်မေးမြန်းခြင်းမျိုးသာ ဖြစ်လာနိုင်ကြောင်း အမည်မဖော်ပြလိုသူ နိုင်ငံရေးလေ့လာ သုံးသပ် သူက သုံးသပ်ဖြေကြားသည်။
စစ်တပ်ထောက်ခံသူ ကြံ့ဖွံ့ဥက္ကဋ္ဌ ဦးခင်ရီသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အထိ တရုတ်နိုင်ငံသို့ ၈ ရက်ကြာ သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ရုရှားသတင်းဌာန Sputnik နှင့် အင်တာဗျူး ထွက်ပေါ်လာခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီအတွက် သမိုင်းအစဉ်အလာ ကြီးမား၍ စီးပွားရေး၊ စစ်ရေးအရ အရေးပါသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးတစ်ခု လက်လွှတ် ဆုံးရှုံးချိန်ဖြစ်ပြီး ထိုကိစ္စရပ် အပါအဝင် ရှမ်းမြောက်စစ်ဆင်ရေးတွင် တရုတ်အစိုးရ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲပြောဆို၍ ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
ယင်းကဲ့သို့ ဦးခင်ရီက ရုရှားအစိုးရထံ အကူအညီ တောင်းခံနေသော်လည်း တရုတ်နှင့် ရုရှား ဆက်ဆံ ရေးမှာ ကောင်းမွန်လှသည့်အတွက် ပေးလိမ့်မည် မဟုတ်သလို ရုရှားအနေဖြင့် ပေးမည်ဆိုပါလျှင် တရုတ်နှင့် ဆွေးနွေးပြီးမှသာ ပေး၍ရမည်ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“စစ်ကောင်စီက ကယောက်ကတမ်း သွေးရူးသွေးတန်း ဖြစ်နေသလိုပဲ။ ဒါကြောင့်မို့ လုပ်ချင်ရာတွေ လျှောက်လုပ်နေကြတာ ထင်တယ်။ ဦးခင်ရီကလည်း မင်းအောင်လှိုင်တို့ရဲ့ လက်ပါးစေပဲမို့ သူတို့ သဘောထားပဲ ဖြစ်နိုင်တယ်။ တရုတ်ကတော့ အသာပဲကြည့်မှာ၊ သူဘာမှ ဒါမျိုးဝင်ပြောမှာ မဟုတ်ဘူး။ ရုရှားကလည်း တရုတ်ကို ကျော်လွန်ပြီး ပေးမှာမဟုတ်ဘူး ထင်တယ်” ဟု ၎င်းက ဆိုသည်။
ကြံ့ဖွံ့ဥက္ကဋ္ဌ ဦးခင်ရီကလည်း ၎င်းတို့ပါတီအနေဖြင့် ပြည်တွင်း လုံခြုံမှုရှိရန် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း၍ မိတ်ဖက်ဖြစ်သည့် ယူနိုက်တက်ရုရှားပါတီနှင့် တွဲဖက်ကာ အကြမ်းဖက်မှု တန်ပြန်ရေး အစီအမံများကို ပူးပေါင်းဆောင်ရွက်မည်ဟု ရုရှားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ယူကရိန်း ကျူးကျော်စစ်ကြောင့် မြန်မာနိုင်ငံနည်းတူ နိုင်ငံတကာ၏ ပိတ်ဆို့မှုကို ခံနေရပြီး သမ္မတ ပူတင်ကိုလည်း နိုင်ငံတကာ တရားရုံးက ဖမ်းဝရမ်း ထုတ်ထား၍ ၎င်းတို့အနေဖြင့် လက်နက်ခဲယမ်းများ လိုအပ်နေသောကြောင့် မြန်မာအပါအဝင် မိတ်ဖက်နိုင်ငံအချို့မှပင် ဝယ်ယူသွားရန် စီစဉ်နေသည်ဟု ထွက်ပေါ်ခဲ့သော သတင်းများအရ သိရသည်။
“ရုရှားဝင်လာပြီဆိုရင် တရုတ်အပါအဝင် အခြားနိုင်ငံတွေက စစ်တပ်တွေ အားဆိုင်ရာ စစ်သလင်း မြေဟာ မြန်မာနိုင်ငံ ဖြစ်သွားမယ်လို့တောင် ဆိုလိုနိုင်ပါတယ်။ မပေးရဲလောက်ပါဘူး။ မကြာခင်ကမှ တရုတ်ကနေ ပြန်လာပြီး ရုရှားကို အကူအညီတောင်းတယ် ဆိုကတည်းက ခင်ရီ ဒဲ့ဖောက်တာ။ မင်းအောင်လှိုင်ကို တမင်ရွဲ့တာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်စစ်အစိုးရ (နအဖ)နှင့် သမ္မတ ဦးသိန်းစိန် လက်ထက်တို့တွင် ရဲချုပ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန(လ၀က)ဝန်ကြီးဖြစ်ခဲ့သူ ဦးခင်ရီသည် စစ်အာဏာသိမ်းရန် အဓိကပါဝင် မြှောက်ပင့်ပေးသူဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဦးခင်ရီကို လဝကဝန်ကြီးအဖြစ် ဒုတိယအကြိမ် ခန့်အပ်ခဲ့သည်။
စစ်ကောင်စီက ဦးခင်ရီကို လဝကဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သော်လည်း လာဘ် စားမှုများနှင့် လူမှုရေး အရှုပ်အရှင်းများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈ ရက်တွင် ရာထူးမှ ထုတ်ပယ်ခံရကာ လက်ရှိတွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် လုပ်ကိုင်၍ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းနေသူဖြစ်ကြောင်း သိရသည်။
“တရုတ်ကတော့ ဒီလိုပဲ ခပ်မှန်မှန် ဆက်ဆံသွားမှာပဲ။ အဲဒီတော့ စစ်ကောင်စီကသာ အမှားတွေ တစ်ခုပြီးတစ်ခု ကျူးလွန်လာသလို ဖြစ်မှာပေါ့။ သူက ကြာလေ အထီးကျန်လေ ဖြစ်လာမှာ။ အရှုံးကလည်း တော်တော်ဆိုးနေပြီ” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။
ဓာတ်ပုံ – USPD
#ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ #ဦးခင်ရီ #ရုရှားထံ #အကူအညီပေးရန်တောင်းဆို #စစ်ခေါင်းဆောင် #တမင်ရွဲ့ခြင်း #Ayeyarwaddy_Times