ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင်နေထိုင်သည့် ပင်စင်စား စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီမှ ပြန်လည်ခေါ်ယူပြီးတာ၀န်ထမ်းဆောင်ခိုင်းသည့်အနက်မှ ဗိုလ်မှူး အဆင့်ရှိသူတစ်ဦး တိုက်ပွဲတွင်သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသူမှာ ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ၊ ခုနှစ်ပင်ချောင်ကျေးရွာတွင် နေထိုင်သောအသက်(၆၄)နှစ်အရွယ်ဗိုလ်မှူးဗိုလ်ရွှေဆိုသူဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

“ခေါင်းကို စနိုက်ပါမှန်တယ်လို့ ပြောတယ်။ အလောင်းကိုတော့ရှေ့တန်းမှာပဲ မီးသဂြိုလ်လိုက်တယ် လို့ပြောပါတယ်။ မိသားစုကို အိမ်မှာနာရေးလုပ်ခွင့် ပြုတဲ့အကြောင်းဖုန်းဆက်လို့သိရတာ”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဗိုလ်မှုးဗိုလ်ရွှေ သည် ယခင်က ဗိုလ်ကြီးအဆင့်ဖြင့်စစ်ကောင်စီ၏ ပလစ(၃)တပ်မှ အသက် ၆၀ပြည့် ပင်စင်ယူ ခဲ့ပြီးနောက် စစ်ကောင်စီ၏ စစ်မှုထမ်း
ဟောင်းများကို ပြန်လည်တာ၀န်ထမ်းဆောင်ခိုင်းရာတွင် ဗိုလ်မှုးရာထူးတိုးပေးခြင်းကြောင့်ပြန်လည် တာ၀န်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။

ဇူလိူင်လ ၂၂ရက်နေ့က မုံရွာမြို့နယ်အတွင်း စစ်ကောင်စီ၏ လှည့်ကင်းကို ဦးဆောင်ကင်းလှည့်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာမှ ဦးခေါင်းကို ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှသိရှိရသည်။

ရှေ့တန်းတွင်သေးဆုံးခဲ့သည့် ဗိုလ်မှူးဗိုလ်ရွှေ၏ သားမက်မှာ ဗိုလ်ကြီးထွန်းမင်းအောင်ဆိုသူဖြစ်ပြီး၄င်းမှာလည်း ရှေ့တန်းထွက်နေရကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် စစ်အင်အားဖြည့်တင်းရန် စစ်မှုထမ်းဟောင်းများကို ပြန်လည်ဆင့်ခေါ်ရာတွင် အသက်၆၀ မှ ၆၅ နှစ်အထိကို တိုက်ခိုက်ရေးလုပ်ငန်းတွင် တာဝန်ပေးပြီး ၆၅ နှစ်အထက်ရှိသူများကို သင်တန်းကျောင်းများတွင် တာဝန်ပေးထားကြောင်းသိရသည်။

#အငြိမ်းစားယူ #ပုသိမ်မြို့ #ဗိုလ်မှူးတစ်ဦး #စစ်ကောင်စီတပ် #ပြန်လည်တာ၀န်ထမ်းဆောင် #ရှေ့တန်းတွင်သေဆုံး #Ayeyarwaddy_Times