ဧရာဝတီတိုင်းမ်
ဇူလိုင်၂၅ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ဘေးရှောင် ခမီအမျိုးသားများ သတ်ဖြတ်ခံနေရသည့်အတွက် လုံခြုံရေးစိုးရိမ်ရကြောင်း ခမီတိုင်းရင်းသားများထံက သိရသည်။

ဘူးသီးတောင်မြို့နယ် ဂန္ဓာရီကယ်ဆယ်ရေး စစ်ဘေးရှောင်စခန်းမှ ခမီအမျိုးသား ခုနှစ်ဦးသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဟင်းစားအတွက် မျှစ်သွားချိုးရာမှ သေနတ်ဒဏ်ရာ ၊ ဓားဒဏ်ရာတို့ဖြင့် သေဆုံးလျက်တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်သည် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် လူနည်းစု ခမီလူမျိုးများအတွက် အသက်အန္တရာယ် လုံခြုံရေး ခြိမ်းခြောက်လာခြင်းဟု ဆိုသည်။

“အသတ်ခံရတာနဲ့ ပတ်သက်လို့ ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေက အခုလို သတ်ဖြတ်သွားတာလဲဆိုတာ ကွဲကွဲပြားပြား မသိရှိရသေးဘူး။ အသတ်ခံရတဲ့သူတွေဟာ သာမန်အရပ်သားတွေဖြစ်တယ်။ ဘာအပြစ်မှမရှိသလို ဘယ်အဖွဲ့နဲ့ပတ်သက်ဆက်နွယ်တာတွေ မရှိဘူး။ ဒီလုပ်ရပ်ဟာ လူနည်းစုတွေကို မထီမဲ့မြင်လုပ်တယ်လို့ မြင်တယ်။ အဲ့ဒီအတွက် ခမီ လူနည်းစုတွေ အနေနဲ့ အသက်အန္တရယ် ခြိမ်းခြောက်လာသလို ခံစားရတယ်” ဟု စစ်တွေမြို့က ခမီအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အသတ်ခံရသည့် ခမီအမျိုးသား ခုနှစ်ဦးနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့စည်းများအနေဖြင့် ပြစ်မှုကျူးလွန်သူ တရားခံများကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန်နှင့် တရားမျှတမူရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင့် ၎င်းက ဆိုသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ယခင်ကတည်းက ခမီလူမျိုးသည် ယခုကဲ့သို့ အသတ်ခံရသည့်ဖြစ်စဥ်များရှိပြီး ယနေ့အချိန်အထိ ခမီလူမျိုးသည် တစ်ခြားလူမျိုးများ၏ သတ်ဖြတ်မှုခံနေရဆဲဖြစ်ကြောင့် ခမီဆရာတော်တပါးက မိန့်ကြားသည်။

” ဦးဇင်းတို့ လူမျိုးတွေက ရခိုင်ပြည်မှာ ရခိုင်လူမျိုးအပါဝင် တခြားလူမျိုးတွေနဲ့ အေးတူပူမျှနေထိုင်လာတဲ့ လူမျိုးဖြစ်တဲ့အတွက် ဘယ်လူမျိုးတွေနဲ့မှ ပဋိပက္ခဖြစ်တာလည်းမရှိဘူး။ ဒါပေမယ့် ဦးဇင်းတို့ လူမျိုးတွေက ဟိုးအရင် ရခိုင်နဲ့ မွတ်ဆလင် လူမျိုးရေးအရေးခင်းကာလကတည်းက သူများသတ်ဖြတ်တာ ခံရတယ်။ အခုနိုင်ငံရေး အခင်းကျင်းကာလမှာလည်း သတ်ဖြတ်ခံနေရဆဲဖြစ်တယ်။ အဲ့ဒီတော့ ခမီလူမျိုးတွေဟာ သူများသတ်ဖြတ်တာ ခံရတဲ့အတွက်ကြောင့် အသက်အန္တရယ် စိုးရိမ်နေရတဲ့ အခြေနေဖြစ်တယ်” ဟု ရန်ကုန်မြို့ရှိ ခမီဆရာတော်တစ်ပါးက ဧရာဝတီတိုင်းမ်ကို မိန့်သည်။

အာရက္ခတပ်တော်(AA) က အဆိုပါ ခမီအမျိုးသား ခုနှစ်ဦးကို စစ်ကောင်စီ သင်တန်းဆင်း မူဆလင်အစွန်းရောက်များမှ သတ်ဖြတ်ခြင်းဖြစ်ကြောင်းနှင့် ပြစ်မူကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင့် ဇူလိုင်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ခမီလူမျိုးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ အမ်း စသည့် မြို့များတွင် ပျံ့နှံနေထိုင်ပြီး ခန့်မှန်းခြေလူဦးရေ လေးသောင်းနှင့်အထက်ရှိသည်။

ပုံစာ- ခမီအမျိုးသားနေ့မြင်ကွင်း

#ဘူသီးတောင်မြို့ #ခမီအမျိုးသားများ #သတ်ဖြတ်ခံနေရ #လုံခြုံရေးစိုးရိမ် #Ayeyarwaddy_Times