
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စုရှိ ဒေါပါပါးကျေးရွာအား ယနေ့ သြဂုတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဥ် (၂)စီး ဖြင့် (၅) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် (၁၂၀) မမ ဖြင့် (၇)လုံးတိတိ ပစ်ခတ်ခဲ့ပြီး ထိုသို့ ဗုံးကြဲတိုက်ခိုက် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ဗုံးထိမှန်သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ဆိုသည်။
” ဒီနေ့ဖြစ်စဥ်က အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ဆေးပေးခန်းတစ်ခုနဲ့ လူနေအိမ်တစ်လုံး ကြီးကြီးမားမားထိခိုက်ပျက်စီးသွားတယ်။ တိုက်ပွဲလည်းမရှိပဲနဲ့ သက်သက်ကိုပစ်တာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယနေ့ဗုံးကြဲတိုက်ခိုက်သည့် ကျေးရွာနှင့် အနီးပါတ်ဝန်းကျင်တွင် တိုက်ပွဲလုံးဝမရှိပဲ ဗုံးကြဲပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရဖြင့် လူထုဆေးပေးခန်းတစ်လုံးနှင့် လူနေအိမ်တစ်လုံး ကြီးကြီးမားမားပျက်စီးသွားရကြောင်း သိရသည်။
ယနေ့ဖြစ်ရပ်သည် အရပ်ဖက်လူထုပစ်မှတ်အား လေယာဥ်နှင့် လက်နက်ကြီးတို့ဖြင့် တစ်ပြိုင်တည်း ဗုံးကြဲပစ်ခတ်သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး လေယာဥ်ဖြင့် လူထုပစ်မှတ်အား ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ်အပါအဝင် လေးကြိမ်ဖြစ်ကာ အရပ်သား (၄)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း ဆိုးဝါးလှသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအား ဆက်လက်ကျူးလွန်လျက်ရှိသည်ဟု ဒေသခံများက ပြောဆိုထားသည်။