အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၉ ရက်
အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဒေတာစျေးနှုန်းများကို တိုးမြင့်သတ်မှတ်လိုက်တာကြောင့် အင်တာနက်ရရှိရန်ခက်ခဲသည့်ဒေသများတွင် သတင်းအချက်အလက်များအား အချိန်နဲ့တပြေးညီသိရှိနိုင်ရန် ခက်ခဲနေကြောင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ဒေသခံများထံမှ သိရသည်။
သတင်းအချက်အလက် စီးဆင်းမှုပြတ်တောက်နေသည့် နေရာများတွင် စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်တောက်ထားသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်များအပြင် စစ်ကိုင်းတိုင်း၊ မကွေတိုင်း စသည့် ဒေသများလည်း ပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ခုနှစ် ၊ ဒီဇင်ဘာ၈ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုမှုနှုန်းထားများကို ယခင် ရက်၃၀သုံး ၉၉၉ကျပ်လျှင် 980MB မှ 480MBထိလျော့ချပြီး ပြောင်းလဲသတ်မှတ်ခြင်းကြောင့် အင်တာနက်ရရှိရန်ခက်ခဲသည့် ဒေသများ၌ သတင်းအချက်အလက်စီးဆင်းမှုများပြတ်တောက်နေကြောင်း သိရသည်။
“အရင်ကဆို ငွေတစ်ထောင်နဲ့ ၅ရက်သုံး 5Gကို ဝယ်လို့ရတယ်။အော်ပရေတာတွေရဲ့ ဈေးကွက်အပြိုင်ကြောင့် ရွေးချယ်စရာ သိပ်များတယ်။ ခုကျ တစ်ထောင်ကို 480MB ပဲရတယ်။ပြီးတော့ အပိုပေးတာတွေ ပြိုင်ဆိုင်တာတွေ မရှိတော့ဘူး။ မြန်နှုန်းဆို အရင် 4G ကနေ ခုဆို 2.5G တောင်ကောင်းကောင်းမရပဲ 2Gလောက် နဲ့တိုင်ပတ်နေတာမျိုး။YouTube(ယူကျူ့)က Videoတွေဖွင့်ကြည့်ရင် အဝိုင်လည်နေတတ်တာမျိုးပေါ့။ ဖြစ်နေတာတွေက အတော်ဆိုးတယ်”ဟု စစ်ကိုင်းတိုင်းအတွင်းက အင်တာနက်ရရှိရန်ခက်ခဲသည့် ဒေသမှ သုံးစွဲသူပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုဘိုင်းဖုန်း အင်တာနက်ပက်ကေ့ခ်ျများဈေးမြင့်များလာပြီးနောက် အင်တာနက်ဖြတ်တောက်ခံဒေသရှိ သုံးစွဲသူပြည်သူများအတွက် သတင်းအချက်အလက်စီးဆင်းမှုမှာ အလွန်အမင်းနှေးကွေးလျက်ရှိပြီး အချို့ဒေသများတွင် လုံးဝပြတ်တောက်နိုင်မည့် အခြေအနေပင်ရှိနေကြောင်း သုံးစွဲသူပြည်သူများထံမှသိရသည်။
“အင်တာနက်ပက်ကေ့ခ်ျကို တစ်ထောင်ပေးဝယ်ရင် 480MBရတယ် ။ ဖုန်းက Network(ကွန်ယက်)ကို 4Gမှာထားသုံးရင် သုံးမရလို့ 2G မှာ ထားသုံးရတယ်။ ဒါတောင်ပုံတွေ မမြင်ရဘူး။စာတွေပဲဖတ်လို့ရတာ။ ပြီးတော့ အော်ပရေတာတွေ လိုင်းဖွင့်ပေးခါမှ ကိုယ့်ဖုန်းမှာ လိုင်းသုံးလို့ရတာ။ ပက်ကေ့ခ်ျ ဝယ်မသုံးနိုင်တဲ့သူတွေကြတော့ သတင်းသိချင်ရင် သုံးနိုင်တဲ့သူတွေဆီက လိုက်မေးရတယ် ။ သူတို့သတင်းနားထောင်နေချိန်ဆို ဘေးနားကနေ လိုက်နားထောင်ရတယ်။ သုံးနိုင်တဲ့သူတွေကိုပဲ လိုက်မေးနေရတယ်။ သူများဂျင်းထည့်ရင်လည်း ခံရတာပေါ့”ဟု ချင်းပြည်နယ်၊ ဖလမ်းမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူများထံ သတင်းအချက်အလက်စီးဆင်မှု ပြတ်တောက်စေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်ပြီး လူသားတိုင်း သတင်းအချက်အလက်လွတ်လပ်စွာ ရယူပိုင်ခွင့်မှာ အခြေခံလူအခွင့်အရေးတစ်ခုဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှု်ရှားသူတစ်ဦး သုံးသပ်သည်။
” လူအခွင့်အရေးကြေငြာစာတမ်းပါ အချက်အတွေအရ လူသားတိုင်းမှာ သတင်းအချက်အလက်ရယူပိုင်ခွင့်ရှိတယ်။ ဒါကိုပိတ်ပင်ရင် လူ့အခွင့်အရေးချိုးဖောက်တာပါ။ အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို အင်တာနက်လိုင်းတွေဖြတ်တယ်။ ကျန်တဲ့ဒေသကပြည်သူတွေကိုလည်း အင်တာနက်မသုံးနိုင်ရေး ဒို့အရေးဆိုပြီး ဒေတာစျေးတွေမြင့်တယ်။ တနေ့လုပ်တနေ့စားတွေက ဘယ်သုံးနိုင်တော့မလဲဗျာ။ ပြည်သူတွေ သတင်းအချက်အလက်တွေနဲ့ လက်လှမ်းမမှီနိုင်လေ သူတို့ဂျင်းထည့်လို့ရလေပဲလို့ သူတို့ယူဆထားပုံရပါတယ်။ အာဏာရှင်စနစ် အမြစ်မပြတ်သေးသရွေ့တော့ ကဏ္ဍအစုံမှာ လူတိုင်း မျက်စိပိတ်နားပိတ် သတင်းအချက်အလက်စီးပြတ်တောက်နေရဦးမှာပဲ ။ ခက်ခက်ခဲခဲကျပ်ကျပ်တည်းတည်း နေကြရဦးမှာပဲ” ဟု ရန်ကုန်မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလအထိ အင်တာနက်အသုံးပြုသူ ၂၅.၂၈ သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး လူဦးရေ၏ ၄၅.၉% အထိရှိနေကြောင်း DATAREPORTALအဖွဲ့၏ စစ်တမ်းများအရ သိရသည်။