ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

ဧရာဝတီမြစ်အထက်ပိုင်းရှိရေများတဖြည်းဖြည်းအောက်ဆင်းလာနေပြီးဖြစ်ရာ ယခု ရက်ပိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိမြို့ကြီးများတွင် စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ဇူလိုင် ၅ ရက်နေ့တွင်ထုတ်ပြန်သည်။

လက်ရှိတွင် ဗန်းမော်၊ ရွှေဂူ၊ ကသာမြို့တို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြို့တွင်း ရေကြီးရေလျှံကာ ရေဘေးသင့်ပြည်သူထောင်နှင့်ချီရှိနေပြီး မြစ်ရေသည် အောက်ပိုင်းတွင် ဆက်လက်မြင့်တက်နေမည်ဖြစ်၍ မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသများ ကြိုတင်ပြင်ဆင်ရန် လိုအပ်လျှက်ရှိသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြောင်းတစ်လျှောက်ရှိ မြို့များတွင် လာမည့် ၃ ရက်မှ ၁၀ ရက်အတွင်း သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၈ ပေမှ ၁၁ ပေထိတက်ရောက်နိုင်ကြောင်း မိုး/ဇလ က အသိပေးထားသည်။

လက်ရှိဧရာဝတီမြစ်ရေသည် သပိတ်ကျင်းတွင် ပေ ၄၀ ခန့်၊ မန္တလေးတွင် ၄၁ ပေခန့်၊ စစ်ကိုင်းတွင် ၂၈ ပေခန့် ၊ မြင်းမူတွင် ၂၈ ပေခန့်ရောက်ရှိနေပြီး လာမည့် ၃ ရက်မှ ၅ ရက်အတွင်း ၈ ပေမှ ၉ ပေခန့်မြင့်တက်လာနိုင်သဖြင့် ယင်းမြို့အသီးသီး၏ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါမြစ်ရေသည် ပခုက္ကူတွင် ၆၄ ပေနှင့် ညောင်ဦးတွင် ၆၂ ပေခန့်ရောက်ရှိနေပြီး လာမည့် ၆ ရက်မှ ၇ ရက်အတွင်း ၁၁ ပေမှ ၁၂ ပေမြင့်တက်နိုင်သဖြင့် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်ထက် ၆ ပေကျော်လွန်မြင့် တက်နိုင်ကာ ညောင်ဦးမြို့၏ စိုးရိမ်ရေ အမှတ်ထက် ၅ ပေကျော်လွန်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် လာမည့် ၆ ရက်မှ ၇ ရက်အတွင်း ၁၁ ပေမှ ၁၂ ပေမြင့်တက်နိုင်မည့်မြို့များတွင် ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံနှင့် ပြည်မြို့များပါဝင်သော်လည်း စိုးရိမ်ရေမှတ် အထိမြင့်တက်လာခြင်းမနိုင်သေးကြောင်း မိုး/ဇလ ထံက သိရသည်။

ဧရာဝတီမြစ်ရေသည် စီးဆင်းလာပြီး မြစ်ဝကျွန်းပေါ်ဒေသသို့ လာမည့် ၈ ရက်မှ ၁၀ ရက်အတွင်းရောက်ရှိလာကာ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့၏ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လာမည့် ၈ ရက်မှ ၁၀ ရက်အတွင်း ဧရာဝတီမြစ်ရေသည် ၁၀ ပေမှ ၁၁ ပေထိမြင့်တက်နိုင်သဖြင့် ဆိပ်သာမြို့၏ စိုးရိမ်ရေမှတ် ၃၉ ပေကို ကျော်လွန်ကာ ပေ ၄၀ ထိရောက်နိုင်ခြင်း၊ ဟင်္သာတ၏စိုးရိမ်ရေမှတ် ၄၄ ပေ နှင့် ဇလွန်မြို့၏ စိုးရိမ်ရေမှတ် ၃၈ ပေခန့် ရောက်ရှိနိုင်ကြောင်း မိုး/ဇလ ထံက သိရသည်။

ထို့ကြောင့် အဆိုပါမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုရန်လိုအပ်ပြီး ရေဝင်ရောက်နိုင်သည့်နေရများတွင် နေထိုင်သူများ ရွှေ့ပြောင်းနေထိုင်ခြင်း၊ စားနပ်ရိက္ခာခြောက်များ၊ သန့်ရှင်းသောသောက်သုံးရေး၊ ဆေးဝါးနှင့် ဓာတ်ဆားထုပ်များ၊ လက်နှိပ်ဓာတ်မီးအပါအဝင် အရေးကြီးစာရွက် စာတမ်းများကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဝန်ကြီးဌာနက အသိပေးလမ်းညွှန်ထားသည်။

ဓာတ်ပုံ – မိုးဇလ ၊
ဗိုလ်မြတ်ထွန်းတံတား ( ညောင်တုန်း) ပေါ်မှမြင်ရသည့် ဧရာဝတီမြစ် ( ဓာတ်ပုံ – ဧရာဝတီတိုင်းမ် )
#ဧရာဝတီမြစ် #မြစ်ရေကြီး #မြစ်ကြောင်းရှိမြို့များ #သတိပြုရန်လိုအပ် #Ayeyarwaddy_Times