ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင်ကလေးငယ်အများစုမှာ တောထဲမှာ စစ်ရှောင်နေရတာ ၁ နှစ်ကျော်ကြာပြီဖြစ်တာကြောင့် အာဟာရချို့တဲ့မှု၊ ကိုယ်ခံအားနည်းမှုများဖြစ်ပေါ်နေပြီး ကူးစက်ရောဂါများ ခံစားနေရတယ်လို့ ကရင်နီပြည်နယ်စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေထံက သိရပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က အသက် ၅ နှစ်အောက် ကလေးငယ် ၅၀၈ ဦးကို တိုင်းတာစစ်ဆေးကြည့်ခဲ့ရာမှာ ၁၁၁ ဦးမှာ အာဟာရချို့တဲ့နေကြပြီး ၄၄ ဦးကတော့ အာဟာရချို့တဲ့တဲ့လက္ခဏာတွေ တွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန်တစ်ဦးက ဆိုပါတယ်။

” တိုက်ပွဲတွေဖြစ်လို့ တောထဲမှာပဲ နေနေရတာ တစ်နှစ်ကျော်လောက်ရှိပြီဆိုတော့ စစ်ရှောင် ကလေးငယ်တွေ ကိုယ်ခန္ဓာအားနည်းအတွက်ကြောင့် ၀မ်းလျောရောဂါဖြစ်တယ်။တကိုယ်လုံးယားနာတွေပေါက်တယ် ရာသီပေါ် သွေးလွန်တုတ်ကွေးဖြစ်ပွားမူများလာပါတယ်” လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ဘေးရှောင်စခန်းက ကလေးတွေကိုတော့ အာဟာရပြည့်ဝစွာစားသုံးနိုင်ဖို့အတွက် စစ်ဘေးရှောင်ကူညီတဲ့အသင်းအဖွဲ့တွေ အလှူရှင်တွေကနေပြီး တစ်ပတ်တစ်ခါ အာဟာရတိုက်ကျွေးတာ၊ ကျန်းမာရေးစစ်ဆေးပေးတာ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

သို့သော်လည်း လက်ရှိအချိန်အထိ ကရင်နီပြည်နယ်က စစ်ရှောင်ကလေးငယ်အများစု ကာကွယ်ဆေးမထိုးနှံရသေးပဲ လက်ရှိမိုးတွင်းကာလမှာလည်း ကလေးငယ်အများစုမှာ ဝမ်းပျက်၊ ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အာဟာရချို့တဲ့မှုနှင့် ရာသီတုပ်ကွေး အဖြစ်များနေတယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။

” တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ ဆေးဝါး၊ရိက္ခာ သယ်ယူခွင့်ကို စကစက ပိတ်ပင်လိုက်တာ ပြီးခဲ့တဲ့ မေလကတည်းကပဲ။ စစ်ဘေးရှောင်တွေဆေးကုဖို့ ခက်ခဲနေတယ်။ ဆေးဝါးလုံလောက်မှုမရှိဘူး။ ကလေးတွေလည်း ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ အများကြီးပဲ။ နိုင်ငံခြားဆေးဝါး ကုန်ပစ္စည်း တွေ ဈေးတက်တော့ ဆေးဝါးများကူညီမူတွေလိုအပ်နေပါတယ်” လို့ ကရင်နီစစ်ဘေးရှောင်အရေး ကူညီပေး​နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲများဖြစ်ပွားနေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဖယ်ခုံမြို့နယ်များသို့ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ပိတ်​ပင်ထားတာကြောင့် ယင်းဒေသများရှိ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးကုသရန် အခက်အခဲများရှိလာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တလတည်းမှာပင် အချိန်မှီဆေးကုသခွင့်မရသဖြင့် သေဆုံးခဲ့သူ ၄ ဦးအထိရှိနေတယ်လို့ ဖယ်ခုံမြို့ခံတစ်ဦးကဆိုပါတယ်။

” အဲ့ဒေသက စစ်ဘေးရှောင်စခန်းတစ်ခုမှာရှိတဲ့ ကလေးသူငယ်တွေ မိခင်တွေ အားလုံးဟာချောင်းဆိုးခြင်း ရင်ကြပ်ခြင်းနှင့်ဖျားနာဝေဒနာများ ခံစားနေကြရပါတယ်။ ကလေးငယ်တွေအတွက်ဆိုလည်း ကာကွယ်ရေးအလုံအလောက်မရှိပါဘူး။ ဆေးဝါးလည်း လုံလောက်မှုမရှိပါဘူး” လို့ အနောက်ကယန်း​​ဒေသရှိ စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ ဆေးဝါးရှားပါးခြင်း၊ ဆေးဝါးကုသမှုခံယူနိူင်မည့် ဆေးရုံနှင့် ဆေးပေးခန်းတို့နှင့် အလှမ်းဝေးလွန်းခြင်း၊ ရာသီဥတုအေးပြီး မိုးလုံလေလုံသော နေရာထိုင်ခင်းများ မရှိခြင်း၊ သင့်တင့်မျှတသော အစားအစာအဟာရ မရရှိခြင်း၊ ကျန်းမာရေးဝန်ဆောင်မှု မရှိသလောက်ရှားပါးခြင်းတို့ကြောင့် တစ်လအတွင်း စစ်ဘေးရှောင်ပြည်သူ ၄ဦးအထိ သေဆုံးခဲ့ရတာလို့ CDM ဆရာဝန်တစ်ဦးက သုံးသပ်ထားပါတယ်။

ဓာတ်ပုံ – ပေးပို့