ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ သြဂုတ်လ ၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့၊ ယားဖူးကျေးရွာအုပ်စု၊ သာယာမွန်ကျေးရွာ (၆၂)မိုင်တွင် သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲခန့်အချိန်က ၄ နှစ်အရွယ်ကလေးငယ် မမြတ်နိုးဖွေးမှာ အန်တီဝင်း ခရီးသည်တင်မှန်လုံယာဥ်နှင့် တိုက်မိပြီး နေရာ၌ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။


ရန်ကုန် – ထားဝယ် – မြိတ် သို့ ပြေးဆွဲနေသည့် အန်တီဝင်းမှန်လုံယာဥ်သည် ကလိန်အောင်မြို့၊ ယားဖူးကျေးရွာအုပ်စု သာယာမွန်ကျေးရွာ (၆၂)မိုင်တွင် အရှိန်မလျော့ပဲ အရှိန်ပြင်းစွာ မောင်းနှင်လာ၍ အသက် (၄)နှစ် ဝန်းကျင်ခန့်ရှိသူ မမြတ်နိုးဖွေးကို တိုက်မိသဖြင့် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု မြို့ခံအချို့က ဆိုသည်။

​” သူက ကားလမ်းဖြတ်ကူးနေတုန်းမှာ ဟွန်းသံကြားလို့ ရုတ်တရက်လန့်သွားပြီး ပြန်အလှည့်မှာ ကားနှင့်ချိတ်ပါသွားတာ” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ မမြတ်နိုးဖွေး၏ မိသားစုထံ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၃၀ ဖြင့် လျှော်ကြေးယူပြီး ကြေအေးပေးရန် လာရောက်ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။

” သေတဲ့ကလေးရဲ့ မိသားစုတွေဆီကို အုပ်ချုပ်ရေးမှူးလာပြောသွားတယ်။ ဖြစ်ပြီးတာလည်းဖြစ်ပေါ့ အမှုလုပ်လို့လည်းဘာမှမထူးဘူး လျှော်ကြေးယူပြီးကြေအေးပေးဖို့ပေါ့။ မိသားစုတွေကတော့ ဘယ်ကျေနပ်မလဲဗျာ” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ မိသားစုထံ သိန်း ၃၀ လျှော်ကြေးပေးကျေအေးခိုင်းသည့်ကိစ္စနှင့် ပတ်သတ်ပြီး အန်တီဝင်းခရီးသည်ယာဥ်လိုင်းအား ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။