
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီမှ အရပ်သားများနေထိုင်သည့် နေအိမ်များကို လိုက်လံမီးရှို့နေကြောင်း ဒေသခံများထံက သိရှိရသည်။
ဟားခါးမြို့ ဟားခါးထရ်ရပ်ကွက် ခြောက်လမ်းဆုံ ဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ က ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်(ဟားခါး)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ပစ်ခတ်မှုအပြီးတွင် အဝတ်စားများကို ဓာတ်ဆီလောင်းထည့် မီးရှို့ပြီး အရပ်သားနေအိမ်များကို လိုက်လံမီးရှို့သောကြောင့် နေအိမ်များ မီးလောင်ပြာကျသွားခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်တာက ခဏလေးပါ။ အိမ်မီးရှို့တာက တိုက်ပွဲအပြီး မနက်အစောပိုင်းမှာ စစ်သားတွေက အဝတ်စားတွေ ဓာတ်ဆီလောင်းထည့် မီးရှို့ပြီး အိမ်တွေကို လှမ်းပစ်ကြတာပါ။ အဲ့မှာ နေအိမ် သုံးလုံးလောက်က ပြာကျသွားတယ်။ ကျန်တဲ့ အိမ်တွေလည်း မီးလောင်ပေမယ့် ပြာကျတဲ့အထိမဟုတ်ဘူး။”ဟု ဟားခါးထာရ်ရပ်ကွပ်နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ မီးရှို့မှုကြောင့် အရပ်သားနေအိမ် သုံးလုံးခန့်သည် မီးလောင်ပြာကျသွားပြီး ကျန်သည့် နေအိမ် ခုနှစ်လုံးခန့်သည် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်မီးငြိမ်သတ်သည့်အတွက် နေအိမ် အနည်းငယ်မီးလောင်သွားကြောင်း သိရှိရသည်။
ထို့အပြင် စစ်ကောင်စီ၏ ဟားခါးအခြေစိုက် ရုန်းတောင်တပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဟားခါးထာရ်ရပ်ကွက်အတွင်းသို့ ကျပေါက်ကွဲပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မနေ့ညနေက ဖြစ်ပွားသည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲအနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးကြောင့်နှင့် ဧရာဝတီတိုင်းမ်အနေဖြင့်လည်း ဆက်သွယ်၍ မရရှိသေးပါ။
#ဟားခါးမြို့ #ပစ်ခတ်မှု #စစ်ကောင်စီ #နေအိမ်များကိုလိုက်လံမီးရှို့ #Ayeyarwaddy_Times