ဧရာဝတီတိုင်းမ်
ဇွန် ၂၁ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခမရ-၅၆၆ ကို အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန် ၁၉ရက်နေ့မှစတင်၍ စစ်ကောင်စီ၏ ခမရ ၅၆၆ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီသည် ကြည်း၊‌ ရေ၊ လေ တို့ဖြင့် ပြန်လည်ခုခံနေရကြောင်း သိရသည်။

“အမှတ် ၅၆၆ တပ်ရင်းကို တိုက်နေတာ ၁၉ ရက်‌နေ့ကတည်းကနေ ဒီနေ့မနက်အထိ တိုက်နေပါတယ်။ သံတွဲလေဆိပ်က တပ်စွဲထားတဲ့အဖွဲ့တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ လေယာဉ်နဲ့လည်း လာတိုက်ခိုက်တယ်။ နှစ်ဖက်အပြန်အလှန် ပစ်နေကြတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AAသည် ပြီးခဲ့သည့် ဇွန် ၇ရက်နေ့မှစ၍ စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း သံတွဲလေဆိပ်၊ မောင်‌ရွှေလေးရေတပ်၊ ခလရ-၅၅ တပ်ရင်းတို့မှ လက်နက်ကြီးများအပြင် ဒရုန်းဗုံးများဖြင့်ပါ ကြဲချ တိုက်ခိုက် ခဲ့သည်။

ယမန်နေ့ ဇွန် ၂၀ရက်နေ့ကလည်း ရွှေလှေရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်လာသူ ပြည်သူ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးတွင် ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မေနောက်ဆုံးပတ်တွင်တိုက်ပွဲများ ရပ်နားခဲ့ကာ ဇွန် ၂ ရက်နေ့ တွင် ငပလီမြို့အနီး၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန် ၃ ရက်တွင် သံတွဲလေဆိပ်ကို ပိတ်ခဲ့ပြီး စစ်ဘက်သုံးလေယာဉ်များကိုပါ လေဆိပ်အတွင်းထား၍ လေဆိပ်တွင် တပ်စွဲကာ သံတွဲမြို့အတွင်းလှည့်ပတ် ဗုံးကြဲလျှက်ရှိသည်။

#သံတွဲ #စစ်ကောင်စီ #ခမရ၅၆၆ #AAထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times