ဧရာဝတီတိုင်းမ်
ဇွန် ၁၀ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်စခန်းများမှ ဆုတ်ခွာ၍ ကမ်းထိုးရေယာဉ်ဆီသို့ စက်လှေဖြင့်လာရောက်သည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို ကမ်းထိုး ရေယာဉ်ပေါ်မှ အရာရှိများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ပြန်လှည့်ပြေးရာ စက်လှေတိမ်းမှောက်ပြီး လူများပျောက်ဆုံးနေကြောင်း သိရသည်။

မောင်တောမြို့ အလယ်သံကျော်ကမ်းခြေအနီးတွင် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ လိုက်ပါလာသည့် စက်လှေနစ်မြုပ်ပြီး လိုက်ပါလာသူများ ကမ်းခြေတွင် အသက်ကယ်နေရသည့် မှတ်တမ်း ရုပ်သံဖိုင်ကို ယနေ့ ဇွန် ၁၀ရက်နေ့တွင် အာက္ခရ တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ၎င်း၏ တယ်လီဂရမ်တွင် ပြန်လည် မျှဝေးထားသည်။

“တပ်ပျက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ သူတို့အချင်းချင်းကြား လူသား ချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓါတ်ပျောက်ဆုံးမှုတိုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည့် စစ်ကောင်စီတပ်ဖွဲဝင်များကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်” ဟု ခိုင်သူခက ဆိုထားသည်။

စက်လှေပေါ်လိုက်ပါလာသူများသည် မောင်တော နယ်ခြားစောင့်စခန်း နခခ-၄ နှင့် နယ်ခြားစောင့်စခန်း နခခ-၉ တို့မှ လက်ကျန် စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့် ရဲနှင့် မိသားစုဝင်များ မောရဝတီဗျူဟာမှ ဗျူဟာမှူးနှင့် ကွပ်ကဲရေးမှူးတို့၏ အမိန့်ဖြင့် လာရောက်ခေါ်ယူသည့် ကမ်းထိုးရေယာဉ်သို့ စက်လှေဖြင့် ထွက်ခွာလာသူများ ဖြစ်ကြောင်း သိရသည်။

လာရောက်ခေါ်ယူသည့် ကမ်းထိုးရေယာဉ်ပေါ်သို့ နခခ-၄ နှင့် နခခ-၉တို့မှ အရာရှိ တပ်ဖွဲ့ဝင်များက စက်လှေဖြင့် အရင်တက်ရောက်၍ စက်လှေပြန်လွှတ်ကာ အောက်ခြေ စစ်သားများနှင့် မိသားစုဝင်များကိုခေါ်ခိုင်းပြီး စက်လှေကပ်လာချိန်တွင် ကမ်းထိုးယာဉ် ပေါ်အကပ်မခံဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” တိုက်ရိုက်ဗီဒီယို ရိုက်နေတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားစောင့် ၄ နဲ့ နယ်ခြားစောင့် ၉ ရဲ့ လက်ရှိ ကျန်ရှိတပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာဗျာ ကမ်းထိုးနဲ့ ဆိုတော့ စက်လှေနဲ့ ကယ်ပေးမယ်လို့ ဗျူဟာက ချိတ်ပေးတယ်။ မောရဝတီဗျူဟာက ချိတ်ပေးတဲ့အတွက် ဒီမှာတပ်ဖွဲ့ဝင်တွေ အကုန်လုံးတပ်မမှူး အမိန့်လည်းရပြီတဲ့။ ကွက်ကဲ ရေးမှူး အမိန့်လည်းရပြီဆိုတော့ဆုတ်မယ်ပေါ့။ ကျွန်တော်တို့က စက်လှေတစ်စီးနဲ့ ကမ်းထိုးကို အရင်သွားတယ်ဗျာ” ဟု မှတမ်းရုပ်သံရိုက်ကူးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်က ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက မှတ်တမ်း ရုပ်သံရိုက်ကူးထားခြင်း ဖြစ်သည်။

“စက်လှေတစ်စီးနဲ့ ကမ်းထိုးကို အရင်သွားတော့ ကမ်းထိုးသင်္ဘောဆီကို အရင် သွားတယ်ဗျာ။ သူတို့ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကိုသေနတ်နဲ့ ပစ်လွှတ်တယ်ဗျာ။ ကမ်းထိုးပေါ်ကို အကပ်လည်းမခံဘူးတဲ့ဗျာ။ အဲ့ဒါ ပြန်လှည့်လာတော့ ကမ်းခြေမှာ လှိုင်းထန်နေတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမ နှစ်ယောက် ရှာမရဘူးဗျာ။ ကလေးနှစ်ယောက်ရော” ဟု ပြောသည်။

အဆိုပါ ရုပ်သံဖိုင်တွင် စက်လှေမှောက်နေပြီး ကမ်းခြေ၌ အမျိုးသမီးနှင့် ကလေးများ ရေနစ်မွန်းပြီး အသက်ကယ်ထားရသည့်ကို တွေ့ရသည်။

မောင်တောတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး AA က စစ်ကောင်စီစခန်း ခြောက်ခုထက်မနည်းကို သိမ်းဆည်းထားသည်။

အနည်းငယ်သာကျန်ရှိတော့သော စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများကို AA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံရန် တိုက်တွန်းထားသည်။

ပုံစာ-စက်လှေနစ်မြုပ်ပြီး ကမ်းပေါ် ရောက်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ
#မောင်တော #အလယ်သံကျော်ကမ်းခြေ #စစ်ကောင်စီ #ဆုတ်ခွာ #အရာရှိများသေနတ်ဖြင့်ပစ် #စက်လှေတိမ်းမှောက် #Ayeyarwaddy_Times