ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်

ယူကရိန်းစစ်ပွဲ အနိုင်ရရှိရေး ရုရှားကိုကူညီနိုင်ရန် စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင် ၁၀၀၀၀၀ စေလွှတ်ပေးဖို့ မြောက်ကိုရီးယားနိုင်ငံက ကမ်းလှမ်းလိုက်တယ်လို့ ရုရှား နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

“ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယား စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမား ၁၀၀၀၀၀ လာရောက်ပြီး ကူညီတိုက်ခိုက်ပေးဖို့ ပြင်ဆင်နေပါတယ်” လို့ ရုရှား စစ်ရေးကျွမ်းကျင်သူ အိုင်ဂေါ်ကိုရော့ချန်ကိုက ပြောပါတယ်။

မြောက်ကိုရီးယားစစ်တပ်က တန်ပြန်အမြောက်ပစ်ခတ်မှု ဆင်နွှဲရာမှာ အတွေ့အကြုံကြွယ်ဝတယ်လို့ အိုင်ဂေါ်က ပြောပါတယ်။ အမေရိကန်နိုင်ငံက ယူကရိန်းသို့ HIMARS ဒုံးပစ်လက်နက်တွေလှူဒါန်းဖို့ ဆုံးဖြတ် လိုက်တာကြောင့် ထိရောက်တဲ့ တန်ပြန်အမြောက်ပစ်ခတ်မှုက ရုရှားစစ်တပ်အတွက် ပိုပြီး အရေးကြီးလာပါ တယ်။

တိကျမှုရှိသော တာဝေးပစ် HIMARS ဒုံးလက်နက်တွေက ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့တွေကို အကြီးအကျယ် အထိနာစေတယ်လို့ စစ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ရုရှားနိုင်ငံက မြောက်ကိုရီးယားတပ်ဖွဲ့တွေနဲ့ ယင်းတို့၏ တန်ပြန်အမြောက်ပစ်ခတ်ရေး ကျွမ်းကျင်မှုကို ကြိုဆိုသင့်တယ်လို့ အိုင်ဂေါ်က ပြောပါတယ်။ “မြောက်ကိုရီးယားက ယူကရိန်းကိုတိုက်ခိုက်ဖို့ ဆန္ဒတစ်ကယ်ရှိ တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုသင့်ပါတယ်” လို့ သူက ဆိုပါတယ်။

အမြဲတမ်းတပ်ဖွဲ့ဝင် ၁ ဒသမ ၃ သန်းနီးပါးနဲ့ အရံတပ်ဖွဲ့ဝင် ၆၀၀၀၀၀ ခန့်ရှိတဲ့ မြောက်ကိုရီးယားစစ်တပ် ဟာ ကမ္ဘာပေါ်မှာ စတုတ္ထအင်အားအကြီးမားဆုံးတပ်မတော် ဖြစ်တယ်လို့ နယူးယောက်အခြေစိုက် နိုင်ငံခြားဆက် ဆံရေးကောင်စီက ပြောပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားစစ်တပ်က အိုမင်းနေပြီဖြစ်တဲ့ စစ်လက်နက်ကိရိယာတွေနဲ့ နည်းပညာကို အသုံးပြုနေရတယ်လို့ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ယူကရိန်းစစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေးမှာ ရုရှားနိုင်ငံကိုကူညီဖို့အတွက် အလုပ်သမားတွေ စေလွှတ်ဖို့လည်း မြောက်ကိုရီးယားနိုင်ငံက ကမ်းလှမ်းခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသသို့ အလုပ်သမား ၁၀၀၀ ကျော် စေလွှတ်ဖို့ ပြင်ဆင် နေတယ်လို့ Daily NK က ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ – လူမှုကွန်ယက်
ကိုးကား – South China Morning Post
Ref; North Korea offers Russia ‘100,000 volunteers’ to fight Ukraine: state media