ဓာတ်ပုံ - စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်း(ပေးပို့)

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ လက်ပံတန်းမြို့နယ် က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ဒီကနေ့ သြဂုတ်လ ၈ ရက် မနက် ၇ နာရီဝန်းကျင်က ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ပစ်သတ်ခံရတဲ့သူဟာ လက်ပံတန်း၊မြို့မရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးစိုးမင်းဆိုသူဖြစ်ပြီး ၃ လမ်းထိပ်မှာ သေနတ်နဲ့ ၂ ချက်ပစ်ခံရလို့ သေဆုံးသွားတယ်လို့ဒေသခံတဦးကပြောပါတယ်။

” မနက်အစော သေနတ်နဲ့ ၂ ချက်ပစ်ခံရလို့သေသွားတယ်လို့သိရတယ်။ လက်ပံတန်းမှာ ဒီလူက စစ်ကောင်စီကိုအတော်သြဇာညောင်းတယ်။ ဒီလက်ပံတန်းကျောင်း သားသမ္မဂခေါင်းဆောင် ကိုအောင်ကုဋေစိုးနဲ့ ဖြူစင်လူ ငယ်ပရဟိတခေါင်းဆောင် ကိုဝင်းမင်းစိုးတို့ကိုဖမ်းခိုင်းတာလည်းသူဘဲ။ ပြီးတော့ ဒီတော်လှန်ရေးအဖွဲ့တွေရဲ့နေအိမ်တွေကိုချိတ်ပိတ်ဖို့ ပြောတာလဲသူဘဲ။ ချိတ်ပိတ်ခံရတဲ့အိမ် ၁၀ လုံးထက်မနည်းဘူး။ သပိတ်စစ်ကြောင်းတွေလိုက်ဖမ်းတုန်းကလည်း စစ်ကားပေါ်မှာအမြဲတမ်းပါတယ်” လို့ လက်ပံတန်းမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာလည်း သူ့ရဲ့မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲပြီး နှုတ်ထွက်ဖို့သတိ ပေးခဲ့သေးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် PDF ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမလေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇေယျာသော်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သြဂုတ်လပထမအပတ်ထဲမှာဘဲ သာယာဝတီနဲ့ နတ်တလင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေပစ်ခတ်ခံခဲ့ရပြီး ကြို့ပင်ကောက်စစ်ဆေးရေးဂိတ်မှာလည်း ဗုံးပေါက်ကွဲလို့ ရဲ ၁ ဦးဒဏ်ရာရခဲ့ပါသေးတယ်။