ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်
ကရင်ပြည်နယ်၊မြဝတီခရိုင်၊KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဝေါလေဒေသရှိ ဥကရစ်ထ စစ်ကောင်စီ ရှေ့တန်းစစ်စခန်းကို ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က စတင်၍ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ -KNDO၊ကရင့်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA၊ PDFဆင်ဖြူစစ်ကြောင်း၊ Cobra စစ်ကြောင်း နှင့်ပူးပေါင်းအဖွဲ့များ တိုက်ခိုက်လျက် ရှိနေပြီး ယနေ့ညနေပိုင်း အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း PDF တပ်ဖွဲ့ဝင်များထံက သိရသည်။
တနေကုန်နီးပါးကြာပြင်းထန်နေသည့် အဆိုပါတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိနေပြီး စစ်ကောင်စီဘက်ကအထိနာနေသဖြင့် လေကြောင်းပစ်ကူပေးတိုက်ခိုက်ရန်စီစဥ်နေကြောင်းသိရသည်။
” တိုက်ပွဲကတော့ လက်ရှိအချိန်ထိ တိုက်နေရတုန်းပါ။ မနက်ထဲကတိုက်နေတာ။ ထိခိုက်မှုကတော့ ၂ ဘက်လုံးတော့ရှိတယ်ဗျ။ စကစ ဘက်က BGF တွေရော၊ တခြားစစ်ကောင်စီစခန်းတွေကရောစစ်ကူလာပေါင်းတာတွေရှိတယ်။ နေ့လည်ပိုင်းက လေယာဥ်လာသေးတယ်၊ ပစ်သွားတာတော့မကြားဘူး။ မိုးတအားရွာလို့ထင်တယ်ပြန်လှည့်သွားတယ်” ဟု PDF ရဲဘော်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိအချိန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲသတင်းအသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်သည်ဟု ၄င်းက ဆက် လက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီလက် အောက်ခံဝေါ်လေရဲစခန်းကိုKNDO/KNLA/PDF ပူးပေါင်း တပ်များက သိမ်းပိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးအပါ ၁၀ ဦး ဖမ်းဆီးရမိခဲ့ကာ PDF ရဲဘော် ၉ ဦးကိုပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – CJ(ဥကရစ်ထ စစ်ကောင်စီရှေ့တန်းစစ်စခန်း)