နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့အရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ဘုံသဘောတူညီချက် (၅) ရပ်ကို အတည်ပြုခဲ့သည်။

အဆိုပါ ဘုံသဘောတူညီချက် (၅) ရပ်ဖြစ်သည့် အကြမ်းဖက်မှုတွေ အားလုံး ချက်ခြင်းရပ်တန့်ရေး၊ သက်ဆိုင်သူတွေကြား တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာရေး၊ တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က ညှိနှိုင်းပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးအပ်ခွင့်ပြုရေး၊ အာဆီယံအထူးကိုယ်စားလှယ်က နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေး တို့ကို အာဆီယံက ချမှတ်ခဲ့သည်။

ထိုသို့ ချမှတ်ခြင်းသည် စစ်ခေါင်းဆောင် နောက်ဆုံးတက်ရောက်ခွင့် ရရှိခဲ့သော ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံတို့က ၎င်းတို့သက်တမ်းများအတွင်း ဘုံသဘောတူညီချက် (၅) ရပ်အတွက် ကြိုးပမ်းခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီကြောင့် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

လက်ရှိအလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်လာသော လာအိုနိုင်ငံက ဆက်လက် ကိုင်တွယ်၍ ဖြေရှင်းရမည်ဖြစ်ကာ လာအိုနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၀၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင်လည်း တာဝန်ယူခဲ့ဖူးသည်။

အလားတူ မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထရွိုက်ကာ ယန္တရား (Troika Mechanism) ဟုခေါ်သော အာဆီယံအဖွဲ့၏ ယခင် (အင်ဒိုနီးရှား -၂၀၂၃ ခုနစ်)၊ လက်ရှိ (လာအို -၂၀၂၄ ခုနှစ်) နှင့် အနာဂတ်ဥက္ကဋ္ဌ (မလေးရှား -၂၀၂၅ ခုနစ်) သုံးနိုင်ငံ ပူးတွဲဦးဆောင်မှုဖြင့် ချဉ်းကပ်လုပ်ဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။

လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် သံတမန်အတွေ့ အကြုံရှိသော အလွန်ကီယို ကစ်တီခွန် (Alounkeo Kittikhoun) ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်၍ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းခရီးစဉ်များ ပထမဆုံးစေလွှတ်ခဲ့သည်။

မစ္စတာ ကစ်တီခွန်သည် ယခင်က လာအို၏ အာဆီယံရေးရာ ထိပ်တန်းတာဝန်ခံ၊ ကုလသမဂ္ဂဆိုင်ရာ လာအိုအမြဲတမ်း ကိုယ်စားလှယ်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် လာရောက်စဉ် စစ်ခေါင်းဆောင်၊ အပစ်ရပ်အဖွဲ့နှင့် နိုင်ငံရေးပါတီများအား တွေ့ဆုံခဲ့သည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်လည်း အွန်လိုင်းမှတဆင့် တွေ့ဆုံကာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်အကြောင်းကို NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မီဒီယာများကို ဖြေကြားခဲ့သည်။

လာအိုနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် အားပေးထောက်ခံ၍ အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီခန့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကလည်း ဖေဖော်ဝါရီလအတွင်း၌ လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား သွားရောက်တွေ့ဆုံ၍ ပြောခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ အကျိုးစီးပွါးအတွက် ထိုကဲ့သို့ သွားရောက်တွေ့ဆုံခြင်း ဖြစ်သလို အာဆီယံက အတည်ပြုထားသော ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များကို လက်ရှိအချိန်အထိ ဆက်လက်ကျူးလွန်လုပ်ဆောင်နေဆဲ ဖြစ်သည်။

လာအိုသည် ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပြီး အနောက်မြောက်ဘက်တွင် မြန်မာနှင့် တရုတ်၊ အရှေ့ဘက်တွင် ဗီယင်နမ်၊ အရှေ့တောင်ဘက်တွင် ကမ္ဘောဒီးယား၊ အနောက်တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသလို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့အပေါ် အဓိကမှီခိုနေရကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံနှင့်လည်း မီးရထားဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ဝန်ဆောင်မှုကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယင်းမီးရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုမြို့တော် ဗီယင်ကျန်းမြို့ကို ဆက်သွယ်ထားကြောင်း သိရသည်။

ထိုအခြေအနေအပါအဝင် ပထဝီအနေအထားအရ လာအိုသည် အာဆီယံတွင် တရုတ်ဘက်က ရပ်တည်လေ့ရှိပြီး စစ်ကောင်စီနှင့်လည်း ဆက်ဆံရေး ကောင်းမွန်နေသဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသက်တမ်းအတွင်း တောင်တရုတ် ပင်လယ် တင်းမာမှုနှင့် မြန်မာ့ပဋိပက္ခသည် ၎င်းအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။

“လာအိုက တရုတ်နဲ့ နီးတာ၊ နိုင်ငံငယ် ဖြစ်တာ လူတိုင်းသိပါတယ်။ သူ့ကာလမှာ မြန်မာ့အရေး သိပ်ပြီးရှေ့မသွားနိုင်ပါ။ သူက အင်အားစုပေါင်းစုံ တွေ့ဆုံဆွေးနွေးမယ် ပြောသော်လည်း ဘယ်လိုလုပ်နိုင်မယ် မသိရပါ” ဟု မြန်မာ့အရေးနှင့် အာဆီယံရေးရာ စောင့်ကြည့်လေ့လာသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းစေရန် စွမ်းအင်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု၊ အလုပ်သမားကဏ္ဍ စသည်တို့၌ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ်ရေးထိုးထားသလို နယ်စပ်ဖြတ်ကျော်မူခင်းများ တားဆီးနှိမ်နင်းရေးနှင့် ကာကွယ်ရေးကဏ္ဍတို့တွင်လည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လက လာအိုနိုင်ငံတွင် ကျင်းပသော အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့လည်း စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးခဲ့ပြီး ထိုအရာသည် အာဏာသိမ်း စစ်ကောင်စီအတွက် အရေးပါသော အာဆီယံအစည်းအဝေးကို ဒုတိယအကြိမ် တက်ရောက်မှုလည်းဖြစ်သည်။

အလားတူ လာအိုနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၁၇ ဦးကိုလည်း တော်လှန်ရေး ထောက်ပို့ဟုဆိုကာ ဖမ်းဆီး၍ ယခုရက်ပိုင်းအတွင်းက စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ရာ စစ်ကြောရေးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် လူသေဆုံးမှု ရှိခဲ့သည်ဟုလည်း ဒေသတွင်း သတင်းများအရ သိရသည်။

“လာအိုက ထိုင်းကို Big brother သဖွယ် အထင်ကြီးပါတယ်။ မြန်မာ့အရေး ထိုင်းလုပ်ဆောင်နေတာတွေကို နောက်ကလိုက်နေမှာပါ။ မြန်မာ့အရေးကတော့ ဒီလိုပဲ အီလည်လည်နဲ့ သွားနေမှာပါ” ဟု အထက်ဖော်ပြပါ မြန်မာ့အရေးနှင့် အာဆီယံရေးရာ စောင့်ကြည့်လေ့လာသူက သုံးသပ်ထားသည်။

#အာဆီယံဥက္ကဋ္ဌလာအို #မြန်မာ့အရေးခြေလှမ်းများ #စစ်ကောင်စီ #သတင်းဆောင်းပါး #Ayeyarwaddy_Time