ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်ခြားစောင့်စခန်းများမှနေ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဓပြီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေး‌ရောက်ရှိ‌နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈၈ဦးကို ယနေ့ နံနက် ၄နာရီ ခန့်က စစ်သင်္ဘောဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြထားသည်။

စစ်ကောင်စီသည် AA ၏ တိုက်ခိုက်မှုကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပြေးသည့် နယ်ခြား စောင့်တပ်များကို ဘင်္ဂလားဒေ့ရှ်မှပြန်လည်ခေါ်ယူရန်အတွက် မြန်မာနိုင်ငံတွင် ပစ်ဒဏ်ချ အကျဉ်းကျခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးနှင့် လဲလှယ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို ယမန်နေ့ ဧပြီ ၂၄ ရက်တွင် ချင်းတွင်း စစ်သင်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယင်းသင်္ဘောဖြင့်ပင် ယနေ့ ဧပြီး ၂၅ ရက်နေ့က မြန်မာသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ဦးကို Cox’s Bazar’s Nuniachhara ရှိ BIWTA ဆိပ်ခံတံတားမှနေ၍ ချင်းတွင်းစစ်သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း ပြန်ကြားရေးအရာရှိ ရှာရီဖူ အစ္စလာမ်က အတည်ပြုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ပို့ဆောင်ရာတွင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန၊ BGB၊ BGP၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ဒေသန္တရကျန်းမာရေးအာဏာပိုင်၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့မှ အထူးစောင့်ကြပ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တောင်ပြိုလက်ဝဲနှင့် တောင်ပြိုလက်ယာ ဗျူဟာတို့မှ စစ်ကောင်စီတပ်ဖွဲ့များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ရသည်။

ယခုအခေါက် ပြန်ပို့ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြီးခဲ့သည့် မတ် ၁၃ရက်နေ့က စတင်၍ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသည့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

ပုံစာ-ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်ပို့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ
#မောင်တော #နယ်စပ်ဖြတ်ကျော် #ဘင်္ဂလားဒေ့ရှ် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #၂၈၈ဦးထွက်ပြေး #ပြန်ပို့ #Ayeyarwaddy_Times