ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီ ၂၁ ရက်)
“ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်” ဆိုတာ ကျွန်တော်တို့ အားလုံး ကြားဖူးကြတဲ့ မြန်မာ ဆိုရိုစကား တစ်ခုဖြစ်ပေမယ့် အသက်ရှူနေတဲ့ လေသာမရှိခဲ့ရင် ငါးမိနစ်အတွင်း သေစေနိုင်တာကြောင့် “လေအသက် ငါးမိနစ်”လို့ ထပ်တိုး မှတ်ထားရပါမယ်။
လေထုထဲကဓာတ်ငွေ့များ
ကမ္ဘာ့လေထုထဲမှာ လူတွေ အသက်ရှင်ဖို့အဓိကလိုတဲ့ အောက်စီဂျင်ဓာတ်ငွေ့ ၂၁ ရာခိုင်နှုန်းပါဝင်နေပြီး နိုက်ထရိုဂျင်ဓာတ်ငွေ့ ၇၈ ရာခိုင်နှုန်း နှင့် တစ်ရာခိုင်နှုန်းကိုတော့ ကာဗွန်ဒိုင်အောက်ဆိုက် နှင့် အခြားဓာတ်ငွေ့တွေ ပေါင်းစပ်ပါဝင်နေကြပါတယ်။
လေထုညစ်ညမ်းခြင်း
ရှူနေတဲ့လေထဲမှာ ဓာတ်ငွေ့အမှိုက်တွေပေါင်းစပ်ပါဝင်နေရင်တော့ လေထုညစ်ညမ်း တယ်လို့ခေါ်နိုင်ပါတယ်။ လေထုညစ်ညမ်းခြင်းကြောင့် အသက်ရှူနေကြတဲ့ လူတွေအပါအဝင် သက်ရှိ သတ္တဝါတွေမှာ သေဆုံးခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ရောဂါ ဖြစ်ပွားခြင်းတွေ ကြုံတွေ့ရပါမယ်။
ညစ်ညမ်းတဲ့လေထုဖြစ်သွားစေတဲ့ အမှိုက်ဓာတ်ငွေ့တွေရောက်လာပုံက မထူးဆန်းပါဘူး။ လေထဲကိုအန္တရာယ်ရှိတဲ့ဓာတ်ငွေ့တွေကို စက်ရုံတွေ သာမကဘဲ လောင်စာသုံး မောင်းနှင်ရတဲ့ကားတွေ ယာဉ်တွေကပါ အမြဲ စွန့်ထုတ်နေပါတယ်။ မီးတောင်ပေါက်ကွဲပြီး ထွက်လာတဲ့ ပြာတွေဓာတ်ငွေ့တွေကြောင့်လည်း လေထုညစ်ညမ်းရပါတယ်။
စိုက်ပျိုးရေးကြောင့် လေညစ်ညမ်းတာကိုလည်း မေ့ထားလို့မရပါဘူး။ တောင်ယာ စိုက်ပျိုးအပြီး အကြွင်းအကျန်တွေကို မီးရှို့တဲ့အခါမှာ လေထုညစ်ညမ်းခြင်းကြီးကြီးမားမား ဖြစ်ပေါ်ပါတယ်။ လောင်စာ လောင်ကျွမ်းပြီး ထွက်လာတဲ့ အခိုးအငွေ့တွေကြောင့်လည်း လေထုညစ်ညမ်းခြင်းဖြစ်ပေါ်ပါတယ်။
လေထုညစ်ညမ်းရတဲ့ အကြောင်းရင်းတွေထဲမှာ ရေနံထွက်ပစ္စည်းတွေကြောင့်၊ ကျောက်မီးသွေးကြောင့်၊ သဘာဝဓာတ်ငွေ့ကြောင့်၊ စက်ရုံအလုပ်ရုံတွေကြောင့်၊ ကား၊ လေယာဉ်၊ ရထား၊ သင်္ဘောနဲ့ အခြားယာဥ်တွေကြောင့်လည်း ပါဝင်တယ်လို့ နိုင်ငံတကာ ကျောင်းသင်ရိုးညွှန်းတမ်း စာအုပ်တွေမှာ ထည့်သွင်း ပညာပေးလျက် ရှိပါတယ်။
လေထုအရည်အသွေး ညွှန်းကိန်း(AQI-Air Quality Index )
လေထုအရည်အသွေးကို စက်ဖြင့် တိုင်းတာပြီး ဒေသတစ်ခုရဲ့ AQI အဖြစ် အချိန်နှင့် တပြေးညီ ထုတ်ပြန်လျက်ရှိပါတယ်။ AQI လို့ခေါ်တဲ့ လေထုအရည်အသွေး ညွှန်းကိန်းဟာ လေထု အတွင်းဒုက္ခပေးနေတဲ့ အမှုန်အမွှားတွေပါဝင်မှု ဓာတ်ငွေ့တွေပါဝင်မှုတွေကို တွက်ချက် ထားတာဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုဆိုးရွားလေလေ AQI ကိန်းဂဏန်းတန်ဖိုးမြင့်မားလေလေ ဖြစ်ပါတယ်။ M2.5 နှင့် PM10 အမှုန်အမွှားတွေက လေထုကနေတစ်ဆင့် အသက်ရှုလမ်းကြောင်း နဲ့ အဆုတ်အတွင်းဝင်ရောက်ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အချင်း ၂ဒသမ၅ မိုက်ခရိုမီတာ အောက်သေးငယ်တဲ့ အမှုန်အမွှားလေးတွေဖြစ်တဲ့ PM2.5 ကို သာမန် နှာခေါင်းစည်း Surgical Mask တွေနဲ့ မကာကွယ်နိုင်ပါဘူး။ ပါးစပ်နဲ့နှာခေါင်းကို ပုံသွင်းပြီးဝတ်ဆင်ရတဲ့ N95 Mask နှာခေါင်းစည်းများကသာ ကာကွယ်ပေးနိုင်ပါတယ်။
လေထုညစ်ညမ်းချိန်
လေထုညစ်ညမ်းချိန် အသက်ရှူမဝခြင်း၊ လည်ချောင်းခြောက်ကပ်နာကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုစဉ်တရွှီရွှီမြည်ခြင်း၊ မျက်စိနီမျက်စိစပ်ခြင်း၊ ရင်တုန်ခြင်း၊ မောပန်းလွယ်ခြင်း၊ အိပ်မပျော်ခြင်း နဲ့ အရေပြားယားယံခြင်း စတာတွေကို ခံစားရတတ်ပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ဒေသမှာတော့ လေထုညစ်ညမ်းခြင်းအကြောင်းကို နိုင်ငံတော်အဆင့် ကြေညာချက်တွေနဲ့ထုတ်ပြန်ပြီး သူ့တို့ရဲ့ နိုင်ငံသားတွေကိုပညာပေးလျှက်ရှိတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံနဲ့လေထုညစ်ညမ်းခြင်း
အစစအရာရာ ခေတ်နောက်ကျကျန်ခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ လေထုညစ်ညမ်းခြင်း အကြောင်းအရာကို သိရှိသူနည်းပါးကြပါတယ်။ ရာသီဥတုနဲ့ လေထုညွှန်းကိန်း တိုင်းတာတဲ့ ခေတ်မီစက်ကြီးတွေဟာ မြို့တွေ နယ်တွေမှာ မရှိတာကြောင့် လေထုညစ်ညမ်းခြင်းနဲ့ကြုံတွေ့နေရင်တောင် လေထုညစ်ညမ်းတဲ့အကြောင်းကို မသိဘဲဖြစ်နေကြမှာပါ။
ရန်ကုန်မြို့မှာတော့ လေထုညစ်ညမ်းညွှန်းကိန်း AQI တိုင်းစက်ကို အမေရိကန်သံရုံး၊ ထိုင်းသံရုံး၊ သာကေတ(ပီတီတီအီးပီအိုင်)ကမ်းလွန်ရေနံအခြေစိုက်စခန်း နှင့် မြန်မာ အင်ဖော်မေးရှင်းဟိုက်ဝေးရုံးခန်းတွေမှာ တွေ့နိုင်ပြီး စက်လေးခုနဲ့သာ တွက်ချက် လျက်ရှိပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာတော့ လေထုအရည်သွေး တိုင်းတာစက် (Particulate Matter Sampler) အလုံးရေ ရာချီ ထောင်ချီရှိနေပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ စစ်ကောင်စီက လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်နေမှုတွေရှိနေတဲ့ အကြောင်းကို ထည့်သွင်းစဉ်းစားနေမယ်လို မထင်မိပါ။
ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ် တိုင်းတာချက်တွေအရ ရန်ကုန်မြို့ဟာ ကမ္ဘာပေါ်မှာ လေထု ညစ်ညမ်းမှု ဒဏ်ကိုခံရဆုံး မြို့များစာရင်းရဲ့ ပဉ္စမနေရာ နံပါတ် ၅ မှာ ရပ်တည်နေပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကို တိုင်းတာခြင်းမပြုနိုင်တဲ့ မြန်မာနိုင်ငံရဲ့ အခြားမြို့တွေ မှာလည်း ပိုဆိုးနိုင်တယ်ဆိုတာကို သတိပြုမူသင့်ပါတယ်။
လေထုညစ်ညမ်းခြင်းကြောင့်ဆေးရုံရောက်လူနာများ
လက်ရှိ မြန်မာနိုင်ငံမှာ အရေပြားယားယံခြင်း ဝေဒနာကို ခံစားနေရသူ များစွာရှိပါတယ်။ ရောဂါအကြောင်းအရင်းကို ရှာဖွေမရဘဲ ကုသမှုလွဲချော်နေ ကြသူတွေလည်း များပြားနေ ပါတယ်။ လေထုညစ်ညမ်းတာကြောင့် အရေပြားထိခိုက်ခြင်းကို ဖြစ်စေနိုင်တယ် ဆိုတာကိုလည်း အသိပညာပေးပါရစေ။
ရှူသွင်းလိုက်တဲ့လေထဲမှာပါဝင်လာတဲ့အညစ်အကြေးတွေကြောင့် အသက်ရှူကြပ်ပြီး ဆေးရုံသို့အရေးပေါ် ရောက်လာကြတဲ့လူနာတွေလည်း နယ်မြို့များမှာရှိနေပါတယ်။ မျက်လုံးကျိန်းစပ် နီစွေးနေကြသူများလည်း များပြားနေပါတယ်။
လေထုညစ်ညမ်းမှုအတွက် ကျန်းမာရေးအကြုံပြုချက်
လေထုညစ်ညမ်းမှု ပြင်းထန်တဲ့နေ့တွေမှာတွင် မလိုအပ်ဘဲ အိမ်ပြင်ထွက်တာကို ရှောင်ပါ။ N-95 mask လို နှာခေါင်းစည်းတွေ တပ်ဆင်ပြီး အပြင်ထွက်ပါ။
သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဟာ အိမ်မှာပဲနေကြပါ။ တတ်နိုင်ပါက အခန်း တံခါးတွေ လုံအောင်ပိတ်ထားပြီး လေသန့်စင်စက် Air purifier များဖြင့် နေကြပါ။ ခြံဝန်းတွေမှာ အပင်များများစိုက်ပေးပါ။ အခန်းတွင်း ရေငွေ့ထုတ်စက်တွေကို အသုံး ပြုပါ။ အခန်းတွင်းအလှဆင်အပင်များကို စိုက်ပျိုးပါ။ ရေဓာတ်ပြည့်ဝစေဖို့ အရည် များများ သောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေကို စားပေးပါ။
အရေပြားယားယံမှုများအတွက် မကြာခဏ ရေချိုးသန့်စင်ပါ။ ဓာတ်မတည့်မှုကို သက်သာစေတဲ့ ကလေးသုံးဆပ်ပြာတွေသုံးပါ။ မျက်စိကို ရေဓာတ်ဖြည့်တင်းဖို့ အတွက် မျက်ရည်တု မျက်စဉ်းဆေးများ ထည့်နိုင်ပါတယ်။
ချောင်းဆိုးခြင်း အသက်ရှူသံတရွှီရွှီမြည်ခြင်း အသက်ရှူမဝခြင်း မျက်လုံးနီရဲခြင်း စသည့် လက္ခဏာများကြုံတွေ့ပါက နီးစပ်ရာကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။ ကုသမှုအကြံဉာဏ်ရယူပါ။
ဒါတွေဟာ တော်လှန်ရေးအပြီးမှာ ပြန်ကုစားကြမယ်ဆိုပြီး လုပ်လို့မရတဲ့ ကျန်းမာရေး ပြဿနာ တွေဖြစ်တာကြောင့်အထူးသတိပြုဆင်ခြင်ကြဖို့တိုက်တွန်းပါတယ်။
နောက်တစ်ပတ်မှာတော့ အဖိုးအဖွားတွေနဲ့ ရေတိမ်ရောဂါ ဆောင်းပါးကို တင်ဆက် ပေးသွားမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
အားလုံး ဒုက္ခကုန်ဆုံးပြီး မဝေးတော့တဲ့ကာလမှ ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လေထုညစ်ညမ်းခြင်း #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)