ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်

စစ်ကောင်စီဟာ ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို အကျဉ်းထောင်ကနေ ပြောင်းရွှေ့ ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းချ ထားတာဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်ကိုတော့ တောင်ငူအကျဉ်းထောင်မှာ အကျဉ်းချ ချုပ်နှောင်ထားတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖမ်းဆီးအကျဉ်းချခံ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့အတူ ကျန်းမာရေး ချို့ယွင်းနေတဲ့ အကျဉ်းသားတွေနဲ့ သက်ကြီးပိုင်းအကျဉ်းသားတွေကို အကျဉ်းထောင်ကနေနေရာ ပြောင်းရွှေ့ခဲ့တာလို့ VOA နဲ့ BBC မြန်မာပိုင်းဌာနတွေရဲ့မေးမြန်းမှုကို ဖြေကြား ထားပါတယ်။

“သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီအကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန်ပြင်းထန်နေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ကျန်းမာရေး အရလိုအပ်တဲ့အကျဉ်းသားတွေ၊ အသက်ကြီးနေတဲ့အကျဉ်းသားတွေနဲ့ပတ်သက်ပြီး အပူဒဏ်သက်သာစေရေး အတွက် နည်းလမ်းများရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA မြန်မာပိုင်းဌာနကို ဖြေကြားပါတယ်။

စစ်ကောင်စီဟာ သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အကျဉ်းထောင်ကနေ ရွေ့ပြောင်းခဲ့တယ်လို့သာ ပြောဆိုခဲ့ပေမယ့် ဘယ်နေရာကို ပြောင်းရွှေ့ထားရှိတယ် ဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက အကျဉ်းထောင်အတွင်း သီးသန့်စီစဉ်ထားတဲ့အဆောင်မှာထားရှိတာလား၊ သို့မဟုတ် နေပြည်တော်နယ်မြေ အတွင်းက လုံခြုံရေးတင်းကျပ်ထားတဲ့ နေအိမ်တွေမှာ အကျယ်ချုပ်အဖြစ် ထားရှိတာ လားဆိုတာကိုတော့ တိတိကျကျ မသိရတဲ့အခြေအနေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ NLD ပါတီကို ဦးဆောင်သူဖြစ်သလို့ အရပ်သားအစိုးရအဖွဲ့ကို ဦးဆောင် သူလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး စွဲဆိုချက်ပုဒ်မ ၁၉ ခုနဲ့ စစ်တပ် လက်အောက်ခံ တရားရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်နဲ့ ထောင်ဒဏ် ခြောက်နှစ် လျော့ပေါ့ခဲ့လို့ ထောင်ဒဏ်စုစုပေါင်း ၂၇ နှစ် လျော့ကျခဲ့ပါတယ်။ စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချ ထားခဲ့သလို ရှေ့နေများနဲ့တွေ့ဆုံခွင့်ကိုလည်း လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကာလကတည်းက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ကိုးကား – VOA မြန်မာပိုင်း
ပုံစာ-သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
#စစ်ကောင်စီ #ဒေါ်အောင်ဆန်းစုကြည် #သမ္မတဦးဝင်းမြင့် #အကျဉ်းထောင်ပြောင်းရွှေ့ #အတိအကျ#ပြောဆိုခြင်းမရှိ #Ayeyarwaddy_Times