ဧရာဝတီတိုင်းမ်

ဧပြီ ၁၂ ရက်

ရန်ကုန်မြို့တော်နှင့် မြို့ကြီးများရှိ ဟိုတယ်များအပါအဝင် စားသောက်ဆိုင်များနှင့် ဘီယာဆိုင်များတွင် ပြုလုပ်သည့် Private သင်္ကြန်ပွဲတော် များပြားလာပြီး လက်မှတ်တစ်စောင်လျှင် ကျပ်သိန်းနှင့်ချီတန်ကြေးရှိကြောင်းသိရသည်။ 

၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ အာဏာသိမ်းခဲ့ပြီးနောက် ၎င်းတို့ကို ဆန့်ကျင်တော်လှန်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် သင်္ကြန်ပွဲတော်မကျင်းပရန် ပါဝင်ပြီး ယခုအခါတွင်  အာဏာနှင့်ငွေကြေးပိုင်ဆိုင်မှုရှိသည့် အသိုင်းအဝိုင်းကို ဦးတည်ကာ ကျင်းပပြုလုပ်သော Private သင်္ကြန်ပွဲများ များပြားလာခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ Day Club ဖြစ်သော ရွှေနန်းဗဟိုရ် Vuvuzela တွင် သင်္ကြန်ကာလအတွင်း DJ Artist အမျိုးသား၊ အမျိုးသမီးများအပါအဝင် အဆိုတော်လွှမ်းပိုင်တို့ပါဝင်ကာ ပွဲတော်ကျင်းပမည်ဖြစ်ပြီး လက်မှတ်တစ်စောင်အနည်ဆုံး ကျပ် ခုနစ်နှစ်သောင်းမှ သိန်းကျော်အထိရှိကြောင်း ယင်းဆိုင်ကြေညာ ချက်အရသိရသည်။ 

နာမည်ကြီးဟိုတယ် Sedona ဟိုတယ်တွင် ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သင်္ကြန်ပွဲတော်ကာလအတွင်း Pool Party ကျင်းပမည်ဖြစ်ပြီး အခန်းခများ ဈေးလျော့ပေးထား ကြောင်းသိရသည်။ 

ထို့ပြင် ရေကူးကန် ပါဝင်သောဟိုတယ်များတွင် လူချမ်းသာ တစ်စုက သင်္ကြန်ကာလအတွင်း  Pool Party များကျင်းပ၍  မြန်မာနှစ်သစ်ကူးကြမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးထံက သိရသည်။  

ယင်းပြင် ဆူးလေမြို့လယ်ခေါင်ရှိ ဘီယာဆိုင် Thor တွင် မြန်မာတောသင်္ကြန်၊ The Hub Hotel ရှိ Root Top Bar တွင် အဆိုတော်မျိုးကျော့မြိုင်နှင့် DJ Artist များပါဝင်ကာ လက်မှတ်တစ်စောင်နှင့် ဟိုတယ်အခန်းခအပါအဝင် ကျပ် ၁၄၀,၀၀၀ သိန်းမှ  ကျပ် ၁၈၀,၀၀၀ သိန်းထိရှိကြောင်းသိရသည်။ 

မန္တလေးမြို့ရှိ Marcure Hotel တွင် နှစ်သစ်ကူးသင်္ကြန်ကာလ ဧပြီ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် DJ Artist များပါဝင်သော  Luxury Pool Party ကျင်းပမည်ဖြစ်ပြီး အစားအသောက်များပါဝင်သည့်လက်မှတ်တစ်စောင် လျှင် ကျပ် ၇ နှစ်သိန်းမှ ကျပ် ၁၂ သိန်းထိရှိကြောင်းသိရသည်။ 

ထို့ပြင် စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များက   သင်္ကြန်ကာလ ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရေမစိုသင်္ကြန် အငြိမ့်ပွဲကျင်းပမည်ဖြစ်သည်။ 

စစ်ကောင်စီသည် မြန်မာ့နှစ်သစ်ကူးကာလတွင် မဟာသင်္ကြန်ပွဲစည်ကားစေရန် ပြင်ဆင်နေပြီး နေပြည်တော်တွင် ကိုရီးယားအနုပညာရှင်ဆိုသူများဖြင့် နေပြည်တော်လမ်း‌လျှောက်သင်္ကြန် ပြုလုပ်မည်ဖြစ်သလို  ရန်ကုန်တွင် မဟာဗန္ဓုလပန်းခြံလမ်းနှင့် ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန်စီစဉ်ထားသည်။ 

၂၀၂၃ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်အနီးရှိ စစ်ကားနှင့် ဘန်ကာတို့ကို မြို့ပြပျောက်ကြားတပ်ဖွဲ့ Dark Shaw (YGN) က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#poolparty #သင်္ကြန်ကာလ  #ဟိုတယ် #ဘီယာဆိုင်များ #ကျင်းပ #Ayeyarwaddy_Times