
ဓာတ်ပုံ - ပုသိမ် - ချောင်းသာ လမ်းပိုင်းတနေရာအား မြင်တွေ့ရစဥ်။
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ပုသိမ် – ချောင်းသာ ကားလမ်းအား အရေးပေါ်ကိစ္စမှလွဲ၍ အသုံးမပြုရန် ပြည်သူများအားသြဂုတ်လ ၃ ရက်နေ့က ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့ Beach Defence Force(BDF)က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
Beach Defence Force(BDF)ရဲ့လူမူကွန်ယက်စာမျက်နှာကနေကြေငြာချက်အမှတ် ၁၃/၂၀၂၂ဖြင့်” ကျွန်တော်တို့ Beach Defence Force (BDF)အနေဖြင့် ပုသိမ်- ချောင်းသာ ကားလမ်းအား အရေးကြီးကိစ္စမရှိဘဲ လုံးဝမသွားလာကြရန်နှင့် သွားလာသည့်အခါ စစ်ကောင်စီကားများနဲ့ ဝေးဝေးလိုက်ကြရန် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်လိုက်ပါသည်”လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပုသိမ် – ချောင်းသာကားလမ်းပေါ်မှာ စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီးယာဉ်တန်းကို Beach Defence Force အပါအ၀င် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပုသိမ် – ချောင်းသာကားလမ်းကို စစ်ကောင်စီက အမြဲသတိထားစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဧရာ၀တီတိုင်းက ရခိုင်ရိုးမ နဲ့ ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်ချောင်းသာသစ်တောတွေအတွင်းမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။