
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ပွဲများတိုးချဲ့လုပ်ဆောင်နေချိန် အိန္ဒိယအစိုးရပိုင်လုပ်ငန်း ကြီးများ (Public sector undertakings – PSUs) က စစ်ကောင်စီကို လေတပ်နှင့် ရေတပ်သုံးပစ္စည်းများ အပါအဝင် စစ်ဘက်ဆိုင်ရာအဆောက်အအုံများရောင်းချပေးနေကြောင်း Justic For Myanmar က သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အလှည့်ကျအဖွဲ့ဝင်အဖြစ်ရှိနေသော အိန္ဒိယနိုင်ငံသည် စစ်ပစ္စည်းများ ရောင်းချပြီး စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေ ကြောင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိလုပ်ငန်း PSUs ၁၀ ခုသည် စစ်ကောင်စီထံ စစ်ဘက်သုံးပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီများရောင်းချကာ စီးပွားရေးလုပ်ဆောင်နေကြောင်း သိရသည်။
အိန္ဒိယအစိုးရကာကွယ်ရေးဆိုင်ရာကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်များအနေဖြင့် မြန်မာစစ်တပ်နှင့် တိုက်ရိုက် ဆက်ဆံခြင်း၊ မြန်မာနိုင်ငံရှိ ဟန်ပြကုမ္ပဏီများမှ တစ်ဆင့်ဆက်သွယ်ခြင်းများအပါအဝင် စီးပွားရေး လုပ်ဆောင်မှုများချက်ချင်းရပ်တန့်ရန်နှင့် နောက်ထပ်စစ်လက်နက်အပါအဝင် ဆက်စပ်ပစ္စည်းများ စစ်အုပ်စုထံ တင်ပို့မည့် သဘောတူညီချက်များကို ရပ်ဆိုင်းရန် Justic For Myanmar က တောင်းဆိုသည်။
“ အိန္ဒိယအစိုးရနဲ့ သူတို့ရဲ့ PSUs တွေကနေ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးနေမှုကိုရပ်တန့်ရပါမယ်။ ဒါက စစ်တပ်ရဲ့ နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရ၊ သူတို့ရဲ့ PSUs တွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အစိုးရတွေ၊ ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အိန္ဒိယနိုင်ငံ ကြံရာပါပတ်သက်နေမှုကို ရပ်တန့်ရေးစေရေးအတွက် ဩဇာအရှိန်အဝါကိုအသုံးပြုသင့်ပါတယ် ” Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
အိန္ဒိယကာကွယ်ရေးဆိုင်ရာ PSU ဖြစ်သည့် Hindustan Aeronautics Limited (HAL) တွင် မြန်မာနိုင်ငံကို ဖောက်သည်နိုင်ငံစာရင်းတွင်ဖော်ပြထားပြီး တိုက်လေယာဉ် MiG အပိုပစ္စည်းများတင်ပို့ထားကြောင်းသိရသည်။
ထို့ပြင် PSUs များမှ တစ်ခုဖြစ်သည့် Goa Shipyard Limited (GSL) သည် မြန်မာ့ရေတပ်အတွက် ၈၁ မီတာ ကမ်းရိုးတန်းကင်းလှည့်စစ်ရေယာဉ်များအတွက် တွန်းကန်အားစက်တစ်ခု ရောင်းချပေးအပ်ရန် စစ်အုပ်စုနှင့် စာချုပ်တစ်ရပ် ချုပ်ဆိုကြောင်းပါဝင်သည်။
ယင်းပြင် အိန္ဒိယလေတပ်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ကောင်စီလေတပ်ထံ ကုန်ပစ္စည်းအမျိုးပေါင်း ၅၂ မျိုးပေးပို့ရာတွင် အလိုအလျောက် တိုင်းတာနိုင်သည့် မိုးလေဝသအထိုင်စက် (AWS) ၊၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယလေတပ်မှ စစ်သည် ၁၅ ဦးကို မိုးလေဝသဆိုင်ရာစက်ပစ္စည်းများတပ်ဆင်ရန်အတွက် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
စစ်ကောင်စီတပ်ထံ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နောက်ထပ် PSU တစ်ခုဖြစ်သည့် Bharat Electronics Limited (BEL) သည် ရေကြောင်းရေဒါလက်ခံစက်အတွက် ပတ်လည်ကြည့်လုံခြုံရေးကင်မရာ (pan and tilt camera) တစ်လုံးနှင့် a low noise front end for marine radar receivers များအပါအဝင် စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုနေသည့်ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပေးအပ်ကြောင်းသိရသည်။
“ အိန္ဒိယအနေနဲ့ မြန်မာစစ်တပ်ထံစစ်ဘက်သုံးပစ္စည်းများထောက်ပံ့ကူညီနေတာကစစ်အုပ်စုရဲ့အရပ်သားပြည်သူတွေအပေါ်တိုက်ခိုက်မှုတွေအပေါ်တိုက်ရိုက်ပံ့ပိုးကူညီနေတာဖြစ်တယ်။ စစ်ကောင်စီကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာ အိန္ဒိယကိုကြုံရာပါစေတာဖြစ်တယ် ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆက်လက်ပြောကြားသည်။
မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုကို အားပေးကူညီခြင်းအားဖြင့် အိန္ဒိယနိုင်ငံသည် စစ်အုပ်စု၏ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို တိုက်ရိုက်ပံ့ပိုးကူညီပေးခြင်း ဖြစ်နေသလို၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို အားပေးကူညီနေခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။
#အိန္ဒိယ #စစ်ကောင်စီထံစစ်လက်နက်များကူညီ
#Justiceformyanmar
#Ayeyarwaddy_Times