နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာသေးမီက ၎င်းတီထွင် ပြဌာန်းလိုက်သည့် ဘွဲ့တံဆိပ်များကို ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည်ဆိုသော ရုရှားစစ်ဘက်ဆိုင်ရာ လူပုဂ္ဂိုလ် ၂၇ ဦးကို ပထမဆုံးအကြိမ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်က ယနေ့ မတ် ၂၇ ရက်၊ ဖက်ဆစ် တော်လှန်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်ရာတွင် ၎င်းဖြည့်စွက် ပြဌာန်းလိုက်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ စစ်ဘက်ပူးပေါင်း ဆောင်ရွက် မှုများအတွက် ပေးအပ်မည့် ဂုဏ်ထူးဆောင်တံဆိပ် လေးမျိုးအနက် သီရိသီဟကျော်နှင့် သီရိသူရကျော် ဘွဲ့တံဆိပ်များအား ရုရှားစစ်ဘက်ဆိုင်ရာ လူပုဂ္ဂိုလ် ၂၇ ဦးကို ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများသည် အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် ယူကရိန်း ကျူးကျော်စစ် ဖြစ်လာချိန်တွင် ယခင်ကထက် ပိုမိုစိပ်လာသကဲ့သို့ စစ်ကောင်စီသည် တရုတ်ထက် ရုရှားကို ပိုအားကိုးလာကြောင်း စောင့်ကြည့်လေ့လာ သူများက သုံးသပ်သည်။
“သူတို့ ပညာရှင်တွေက လေတပ်တစ်ခုမဟုတ် တစ်ခုမှာတော့ အမြဲတမ်း ရှိနေတယ်ပေါ့နော်။ သူတို့ဆီက ဝယ်ထားတဲ့ လေယာဉ်တွေ ရှိတဲ့အတွက် သူတို့နဲ့ပဲ ပြန်လုပ်ရတာပေါ့နော်။ အဲ့တော့ အမြဲတမ်း သူတို့နဲ့ ဆက်ဆံရေးရှိတယ်။ နောက်တစ်ခုက စစ်ရေးအရလဲ စစ်တပ်နှစ်ခု ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ရှိတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့ဆက်ဆံရေးဟာ ပိုပြီးတော့ စိပ်လာတာပေါ့” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကချင်နှင့် ရှမ်းမြောက်တို့တွင် တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီက ဖိတ်ခေါ်၍ နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေး လေ့ကျင့်ခဲ့သည့် ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergey KURCHENKO ၊ နိုင်ငံတကာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူးရုံးမှ ရုရှား ဒုဗိုလ်ချုပ်ကြီး KSHIMOVSKY Alexander Aleksandrovich အပါအဝင် လူပုဂ္ဂိုလ် ၂၇ ဦးကို ထိုကဲ့သို့ ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
“ပူးပေါင်းမှုကလည်း ဟိုးအရင်ကတည်းက ရုရှားစစ်တပ်ရဲ့ ပုံစံငယ်တစ်ခုလို့တောင် ပြောလို့ရတယ်။ ရုရှားဆီကနေ နည်းပညာအကူအညီ တော်တော်များများနဲ့ စစ်တပ်က ရပ်တည်လာတယ်။ တရုတ်ကလည်း သိပ်ပြီးတော့ အားကိုးရတဲ့ အနေအထား မဟုတ်မှန်း ပေါ်ပေါ်ထင်ထင် တွေ့လိုက်ရတဲ့ အချိန်မှာ သူတို့ရဲ့ တစ်ခုတည်းသော အားကိုးရာက ရုရှားပေါ့။ ဒါကြောင့် သူတို့ ရုရှားကို မည်သည့်နည်းနဲ့ ဖြစ်ပါစေ ရအောင်၊ ဆက်ဆံရေးကို အောက်ကနေပြီး လိုက်ဆက်ဆံနေရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ရုရှားအကြား စစ်ရေးနှင့် နည်းပညာ၊ အတတ်ပညာဟူသော ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုများလာသည်ဟု စစ်ခေါင်းဆောင်က ရုရှားမီဒီယာဖြစ်သည့် ITAR-TASS Media နှင့် တွေ့ဆုံအင်တာဗျူးရာတွင် ထည့်သွင်းပြောခဲ့ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာအရ သိရသည်။
“မြန်မာ့တပ်မတော် ခေတ်မီရေးအတွက် ရုရှားနိုင်ငံက ကူညီပံ့ပိုးပေးခဲ့သလိုပဲ မြန်မာ့တပ်မတော်က အရာရှိတွေ တော်တော်များများကို ရုရှားနိုင်ငံမှာ သိပ္ပံပညာနည်းပညာ စစ်ဘက်အတတ်ပညာ ဒါတွေကိုများစွာသင်ပေးခဲ့တာပေါ့။ ဒီနယ်ပယ်ကတော့ ဒါအကြီးမားဆုံးဟာပါပဲ။ ဒါပေမယ့် ဒါတွေလားဆိုတော့ မဟုတ်သေးဘူး။ ကျန်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ယင်းအပြင် လေကြောင်းတိုက်ရိုက် ပျံသန်းမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ နျူကလီးယား နည်းပညာ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ကုန်သွယ်မှုနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ စသည်တို့ကိုလည်း နှစ်နိုင်ငံအကြား တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည်ဟုဆိုကာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai PATRUSHEV ကိုလည်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့ ပေးခဲ့သည်။
အလားတူ ရုရှားသမ္မတ ပူတင်ကလည်း ရုရှားနိုင်ငံနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးမားသော ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည် ဟုဆိုကာ မြန်မာစစ်ခေါင်းဆောင်ကို Order of Alexander Nevsky ဘွဲ့တံဆိပ်နှင့် ဒုစစ်ခေါင်းဆောင်ကို Order of Friendship ဘွဲ့တံဆိပ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ၎င်းတီထွင်ထားသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတံဆိပ်ဖြစ်သည့် သီရိဇေယျကျော်တံဆိပ်၊ သီရိသိင်္ခကျော်တံဆိပ် နှင့် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ်ဖြစ်သည့် သီရိသီဟကျော်တံဆိပ် ၊ သီရိသူရကျော်တံဆိပ် တို့ကို ဖြည့်စွက်ကြောင်း ထုတ်ပြန် ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်၌ “နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်” ဟု ပြဋ္ဌာန်းထားသဖြင့် ဂုဏ်ထူး ဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ဖြည့်စွက်ခြင်း ဖြစ်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ရုရှားစစ်ဘက်ဆိုင်ရာ #လူပုဂ္ဂိုလ်၂၀ကျော် #ဘွဲ့တံဆိပ်ပေး #Ayeyarwaddy_Times