နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

ဧရာဝတီတိုင်းအတွင်းရှိ လူငယ်အများအပြားသည် စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် နေရပ်ဒေသမှထွက်ခွာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်း သားတပ်ဖွဲ့များထံသို့ ရောက်ရှိလာပြီး စစ်ပညာသင်ယူလျှက်ရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။

ဧရာ၀တီတိုင်းမှ လူငယ်များသည် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ အများဆုံး ရောက်ရှိနေပြီး စစ်သင်တန်းတက်ရန် စောင့်ဆိုင်းနေမှုများရှိကြောင်း သိရသည်။

“ရောက်လာတဲ့သူတွေထဲမှာတော့ ဧရာဝတီတိုင်းက အများဆုံးပဲ။ တော်လှန်ရေး တပ်ဖွဲ့တွေ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပညာသင်ကြားနေတဲ့ ဧရာ၀တီ တိုင်းထဲက လူငယ်တွေရှိတယ်။ အခုစစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ အခါမှာတော့ မြန်မာနိုင်ငံထဲမှာ မနေတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး သင်တန်း တက်ရောက်နေတာတွေရှိတယ်” ဟု KNLA တပ်မဟာ (၁) သင်တန်း ဘဏ္ဍာရေးတာဝန်ခံ ကိုနေဝင်းသစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်များ အများဆုံးတက်ရောက်မည့် စစ်သင်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) နယ်မြေ တွင်ပြုလုပ်မည်ဖြစ်ပြီး ပထမဦးဆုံး အပတ်စဥ် (၁) အနေဖြင့် သင်တန်းသူ/သင်တန်းသား ၁၂၆ ဦးကို စစ်သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“စစ်သင်တန်းတက်ရောက်မယ့် လူငယ်တွေဟာ သင်တန်းဆင်းပြီးတာနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အတူတူ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေမှာ ပါဝင်တိုက်ခိုက်သွားမှာဖြစ်တယ်” ဟု ကိုနေဝင်းသစ်က ဆိုသည်။

စစ်သင်တန်းတက်ရောက်မှုများ ပြုလုပ်ရာတွင် လူဦးရေများပြား လာမှုကြောင့် သင်တန်းကာလတွင် စားဝတ်နေရေး ခက်ခဲမှုများရှိနေပြီး တော်လှန်ရေး ထောက်ပို့ များအနေဖြင့် စစ်သင်တန်းကျောင်းများသို့ ပါဝင်လှူဒါန်းမှုများ ပြုလုပ်ပေးရန် တော်လှန်ရေးတပ်ဖွဲ့များက တောင်းဆိုထားသည်။

ပုံစာ- စစ်သင်တန်းပို့ချရန် ပြင်ဆင်နေစဉ်
#စစ်မှုထမ်းဥပဒေ #ဧရာဝတီတိုင်း #လူငယ်အများအပြား #တော်လှန်ရေးတပ်ဖွဲ့များထံ #စစ်သင်တန်းတက်ရောက် #Ayeyarwaddy_Times