ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဗန်းမော်တက္ကသိုလ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသဖြင့် တက္ကသိုလ်ကျောင်သားများ၏ မေဂျာစုံစာမေးပွဲများကို ဗန်းမော်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် နေရာပြောင်းလဲ ဖြေဆိုနေရကြောင်း သိရသည်။

ဗန်းမော်တက္ကသိုလ်တွင် မေဂျာစုံစာမေးပွဲကို နိုင်ငံတစ်ဝန်းရှိတက္ကသိုလ်များ၏ စာမေးပွဲ ဖြေဆိုချိန်ဖြစ်သည့် မတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာမေးပွဲဖြေဆို ရကြောင်းသိရသည်။

ဗန်းမော်တက္ကသိုလ်တွင် ပထမနှစ်မှ မဟာတန်းအထိစာရင်းရှိ ကျောင်းသားကျောင်သူ ၁၆၈၀ ရှိကာ လက်ရှိ ပထမနှစ်ထက်နှင့် ဒုတိယနှစ်ဝက်စာမေးပွဲဖြေဆိုသူ ၁၅၆၆ ဦးရှိပြီး ပျက်ကွက်သူဦးရေ ၁၄၄ ဦးရှိကြောင်း သိရသည်။

“ တက္ကသိုလ်ထဲမှာ စစ်ကောင်စီတွေအထိုင်ချထားတော့ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ မှာစိုးလို့ထင်တယ်။ ပြီးခဲ့တဲ့ရက်က ဗန်းမော် လေဆိပ်နဲ့ စစ်ကောင်စီ (စကစ)တပ်တွေကို ရှော့တိုက်ဒုံးနဲ့ပစ်ထားတော့ သူတို့လည်းပစ်ခံရမှာစိုးလို့ထင်တယ်။ ကျောင်းသားတွေကို ကျောင်း (တက္ကသိုလ်)ထဲမှာ စာမေးပွဲမဖြေခိုင်းဘူး။ အထက်တန်းကျောင်းတွေမှာ ဖြေခိုင်းတယ်။ အခုမှသူတို့ (ကျောင်းသား) တွေလည်းကြောက်နေတယ်” ဟု ဗန်းမော်မြို့ခံလူငယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက ဗန်းမော်မြို့အတွင်း မကြာခဏ စစ်ဆင်ရေးများပြုလုပ်နေပြီး မတ်လ ၇ ရက်နေ့က ဗန်းမော် လေဆိပ်ကိုရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခြင်း၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဝန်းအတွင်းသို့ ရှော့တိုက်ဒုံး နှစ်လုံးပစ်သွင်းခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေး အဖွဲ့ဝင်တစ်ဦးထံက သိရသည်။

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအဖွဲ့များ၏ တိုက်ပွဲများကျယ်ပြန့် လာပြီး အချို့ဒေသများတွင် စစ်ကောင်စီ၏ တက္ကသိုလ်စာမေးပွဲများ ဖြေဆိုနိုင်ခြင်း မရှိသလို လွိုင်ကော်တက္ကသိုလ်နှင့် ကရင်နီပြည်နယ်၏ နေရာဒေသ အများစုကို ကရင်နီတော်လှန် ကရင်နီအမျိုးသားကာကွယ်ရေး (KNDF) ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။

စစ်ကောင်စီတပ်အထိုင်ချရာ စစ်တိုင်းတိုင်း၊ ကလေးတက္ကသိုလ်ရှိ ကျောင်းဆရာနှင့် ကျောင်းသားများကိုလည်း KIA၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ကယ်ထုတ်ထားပြီး တိုက်ပွဲများပြင်းထန်နေကြောင်းသိရသည်။

ဓာတ်ပုံ – ဒေသခံပေးပို့ ၊ လူမှုကွန်ရက်
#ဗန်းမော်တက္ကသိုလ် #စစ်ကောင်စီတပ်စွဲ #တက္ကသိုလ်မေဂျာစုံစာမေးပွဲများ #အထက်တန်းကျောင်း #ဖြေဆိုနေရ #Ayeyarwaddy_Times