ဧရာဝတီတိုင်းမ်
(မင်းလှ)၊ မတ် ၁၅ ရက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဟိုင်းယုကျေးရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့သည့်အတွက် ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့မှ စတင်ကာ ယနေ့ မတ် ၁၅ ရက်နေ့အထိ ဟိုင်းယုရွာအတွင်းသို့ အထိ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ပဲခူးရိုးမအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီက နေ့စဉ် ဒရုန်း လေး စီးဖြင့် ဟိုင်းယုရွာအတွင်း ဗုံးကြဲချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံနေအိမ်များ၊ စာသင်ကျောင်း၊ ဆေးခန်း၊ ဘုန်းကြီး ကျောင်း၊ ဘုရားကျောင်းများ ထိခိုက်ပျက်စီးခဲ့ရပြီး နေရာအချို့မှာ မီးလောင်ကျွမ်း နေကြောင်း သိရသည်။

“ဟိုင်းယုရွာနဲ့ ရိုးမအနီးတဝိုက်ကိုလည်း ဖုန်းလိုင်းတွေဖျက်ထားတယ်။ ဖုန်းတွေ အင်တာနက်တွေ သုံးမရတော့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ ရွာထဲရှိနေတယ်ထင်ပြီး ရွာကို ဝိုင်းထားပြီး ဖျက်ဆီးနေတာ။ တိုက်ပွဲထဲ သူတို့ဘက်က တကယ်ကို ထိခိုက်ကျဆုံးများခဲ့တော့ နေပြည်တော်ကနေ အထူးတပ်ဖွဲ့ဆိုပြီး အင်အားအများအပြား ထပ်ဖြည့်ထားတယ်လို့သိရတယ်။ အင်အား ၁၀၀၀ နီးပါးလောက်ရှိမယ်ထင်ရတယ်။ ပုံမှန် ၂၀၀၊ ၃၀၀ လောက်ဆို ကျွန်တော်တို့ကတိုက်နိုင်တယ်။ အခုကတော့တပ် ဖျောက်ထားတယ်။ အဓိကကတော့ ပြည်သူတွေကို ရိုးမထဲလုံးဝမလာဖို့ ပြောချင်ပါ တယ်” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်နေခြင်းမရှိဘဲ ဟိုင်းယုရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ဒေသခံများသည်လည်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကတည်းက ရွာကို စွန့်ခွာထားခိုင်းသည့်အတွက် ဟိုင်းယု၊ ဟိုင်းယုလမ်းဆုံ၊ ပျဥ်းကတိုးခင်း၊ ဝါးယား၊ ဗိုလ်ရုံ၊ ကျွဲမကိုင်းရွာ စသည့် ရွာ ၁၀ ရွာမှ ဒေသခံ ပြည်သူ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရကြောင်း သိရသည်။

မင်းလှတွင် ပြီးခဲ့သည့် မတ် ၇ ရက်နေ့မှ စတင်ကာ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့်‌တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ လေးရက်တာ ထိတွေ့ တိုက်ပွဲ အတွင်း စစ်ကောင်စီနှင့် ပျူစောထီး တပ်ဖွဲ့ဝင် ၈၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ အင်အား‌ ၁၀၀၀ နီးပါး အသုံးပြုကာ ထပ်မံအင်အားဖြည့် စစ်ကြောင်း ထိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
ပုံစာ – မင်းလှတိုက်ပွဲတွင် သိမ်းဆည်းရမိသည့်ပစ္စည်းများ
#မင်းလှ #စစ်ကောင်စီစစ်ကြောင်းထိုး #ဟိုင်းယုရွာ #ပစ်ခတ်ခံရ #မီးလောင်ကျွမ်း #Ayeyarwaddy_Times