
ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ မတ် ၁ ရက်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်းရပ်ထားသည့် ဆီသင်္ဘောတစ်စီး ယနေ့ မတ်လ ၁ ရက်နေ့၊ နံနက် ၂ နာရီကျော်ခန့်က မီးလောင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ၁နာရီကျော်ကြာမြင့်ခဲ့ပြီး ကြည့်မြင်တိုင်မီးသတ်၊ အလုံမီးသတ်၊ ကမာရွတ်မီးသတ်၊ စမ်းချောင်း မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် လေးစီးဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး နံနက် ၃နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သိရသည်။
“မနက်အစောကြီး အိမ်ပါတုန်သွားတယ်၊ ငလျင်လှုပ်တယ်လို့ထင်နေတာ။ ဗားကရာဆိပ်ကမ်းကသင်္ဘော မီးလောင်ပေါက်ကွဲတာ။ အသံအကျယ်ကြီး နေရာတော်တော်များများ ထိကြားရတယ်” ဟု ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါဆီသင်္ဘော မီးလောင်ပေါက်ကွဲမှုကြောင့် လူ နှစ် ဦးသေဆုံးပြီး ပျောက်ဆုံး ဒဏ်ရာရရှိသူများရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များထံကသိရသည်။
ထို့ပြင် မီးလောင်ခဲ့သည့်သင်္ဘောမှာ စက်သုံးဆီများတင်ဆောင်လာသော ထိုင်းနိုင်ငံအလံတင်ထားသည့် သင်္ဘောတစ်စီးဖြစ်ကြောင်းသိရသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ဧရာဝတီတိုင်းမ် အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ဓာတ်ပုံ – Myanmar Fire Services Department ၊ လူမှုကွန်ရက်
#ရန်ကုန်မြစ် #ဗားကရာဆိပ်ကမ်း #ဆီသင်္ဘော #မီးလောင်ပေါက်ကွဲ #Ayeyarwaddy_Times