ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သိမ်းတိုက်ပွဲတွင် စခန်းကိုစွန့်ခွါ၍ စစ်သဘ်ောသုံးစီးနှင့် ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော် AAက လိုက်လံပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘော နှစ်စီးနှင့် ဇက်သဘ်ောတစ်စီးတို့ နစ်မြုပ်ပျက်စီးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ရက်နှင့် ၈ရက်နေ့များတွင် AA၏ထိုးစစ်ဆင်တိုက်ခိုက်မှုကိုမခံနိုင်ဘဲ စစ်ကောင်စီ၏ ကျောက်တော် စကခ၉နှင့် ခမရ ၃၇၅တို့မှ စစ်ကောင်စီတပ်သားများသည် မြို့ကိုစွန့်ခွါကာ ဇက်သင်္ဘောနှင့်ထွက်ပြေးသည်ကို AAကလိုက်လံတိုက်ခိုက်ရာ ကျောက်တော်မြို့နယ် အပေါက်ဝရွာနားတွင် စစ်သင်္ဘော သုံးစီးလုံးပျက်စီးနစ်မြုပ်သွားကြောင်းသိရသည်။
ထွက်ပြေးလာသည့် စစ်ကောင်စီ၏ သင်္ဘော များကိုကယ်တင်ရန်လာသည့် အခြားစစ်သဘော်လေးစီးကိုလည်း ကမ်းသို့ပင်ကပ်ခွင့်မပေးဘဲ အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့ကထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ သင်္ဘောများ ပျက်စီးနစ်မြုပ်စပြုချိန်တွင် ရေယာဉ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချအညံ့ခံရန်နှင့် အလံဖြူထောင်ရန် AAကစည်းရုံးတိုက်တွန်းခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်ဆုံးအချိန်ထိ ပြန်လှန်ပစ်ခတ်ပြီး လေကြောင်းမှလည်း ဒရော့ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် AAတပ်ဖွဲ့ဝင် ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မဟာမိတ်အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
စစ်သင်္ဘောများနစ်မြုပ်၍ အသက်ရှင်ကျန်သည့် စစ်ကောင်စီတပ်သားများ ကမ်းသို့ကူးလာနိုင်ရန် AAကကူညီ၍ အများအပြားကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုသို့ကယ်ဆယ်ရေးလုပ်နေစဉ် စစ်ကောင်စီလေယာဉ်က ဒရော့ဗုံးများဖြင့် လာရောက်ပစ်ခတ်ပြန်သောကြောင့် AAတပ်ဖွဲ့ဝင်တစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်သင်္ဘောနှင့် ကမ်းထိုးဇက်ရေယာဉ်များသည် ၎င်းတို့ချီတက်ရာ ရေလမ်းကြောင်းတလျောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နှစ်ရှည်လများ ဆောင်ရွက်ခဲ့ပြီး နေ့နေ့ ညည ရည်ရွယ်ချက်ရှိရှိဖြင့် ကျေးရွာများကို ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အတွက် AA အနေဖြင့် ယခုအချိန်တွင် အကြမ်းဖက်နှိပ်စက်နေသည့် ရေတပ်စစ်သင်္ဘောများကို ပြန်လည် တိုက်ခိုက်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
#ကျောက်တော် #စစ်သင်္ဘော #ဇက်သင်္ဘော #AA #တိုက်ခိုက်နှစ်မြုပ် #Ayeyarwaddy_Times