ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

ပဲခူးတိုင်း‌‌(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီက ပြည်သူ့စစ်တပ် ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးနေသော်လည်း စစ်တောင်းမြစ်ဝှမ်းရှိ မြို့နယ် တချို့ကို အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ကာ ပြည်သူ့စစ်ကောက်ခံ ဖွဲ့စည်းခြင်းမရှိ ကြောင်း ဒေသခံများထံက သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က တောင်ငူလေတပ်စခန်း ဌာနချုပ်၌ ပဲခူးတိုင်းအရှေ့ခြမ်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင် ပေးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

“ပဲခူးတိုင်းအရှေ့ခြမ်းကို လက်နက်တပ်ဆင်တယ်ဆိုပေမယ့် ဘယ်‌နေရာကိုတပ်ဆင်တာ လည်းမသိဘူး။ ဒီဘက်ခြမ်း‌တော့မကြားမိဘူး။ ပြည်သူ့စစ်က ဒီဘက်မှာ သိပ်မကောက်ရဲဘူး။ တော်လှန်ရေးတပ်ဖွဲ့စိုးမိုးတဲ့နယ်မြေတွေဆိုရင် သူတို့က အနက်ရောင် နယ်မြေလို့သတ်မှတ်ပြီး ပြည်သူ့စစ်မကောက်ဘူး။ မြို့ပေါ်တွေ တော့ကောက်တယ်ပေါ့နော်” ဟု ဖြူးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် တောင်ငူ၊ ဖြူး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ အုတ်တွင်း စသည့်မြို့နယ်များပါဝင်ပြီး ညောင်လေးပင်၊ ဖြူးစသည့်မြို့နယ်များရှိ ကျေးရွာအများစုကို စစ်ကောင်စီကအမဲရောင်နယ်မြေ အဖြစ်သတ်မှတ်ထားပြီး ပြည်သူ့ စစ်စုဆောင်းခြင်း မရှိကြောင်း သိရသည်။

ယခုအခါစစ်ကောင်စီသည် ၎င်းတို့၏ စစ်သည်အင်အားလျော့နည်းလာသည့်အတွက် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်အသီးသီးတွင် ‌ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့စစ်စုဆောင်းခြင်း၊ မဝင်မနေရ ခြိမ်းခြောက် လူစုဆောင်းခြင်း၊ မဲနှိုက်ကာ စုဆောင်းခြင်းများပြုလုပ်နေပြီး အချို့ကိုစစ်သင်တန်းပေးမှုများပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ပဲခူးအရှေ့ခြမ်း #စစ်တောင်းမြစ်ဝှမ်းဒေသ #လက်နက်တပ်ဆင် #စစ်ကောင်စီ #PDF #Ayeyarwaddy_Times