ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဇန်နဝါရီ ၂၈ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် နယ်မြေ ထိန်းချုပ်နိုင်ခြင်းမရှိတော့၍ ၎င်းတို့ အခြေစိုက်ရာတပ်စခန်းများအားလုံးကို စွန့်ခွာ သွားသည့်အတွက် မော်ချီးဒေသကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထား နိုင်ပြီဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကထုတ်ပြန်သည်။

မော်ချီးဒေသတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီ တပ်များမှာ မော်ချီးဒေသတွင် ဆက်လက်တပ်ဖြန့်ကာ ထိန်းသိမ်းနိုင်စွမ်း မရှိတော့သည့် အတွက် လက်ကျန်တပ်စခန်း နှစ်ခုဖြစ်သည့် တောင်ပေါ်ကျောက်ကြားစခန်းနှင့် မြို့အဝင်အမှတ်(၂)စခန်းတို့ကို စွန့်ခွာထွက်ပြေးသွားကြ၍ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက မော်ချီးဒေသကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“မော်ချီးဒေသကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ စစ်ကောင်စီ တပ်စခန်းတွေအားလုံး ဖားဆောင်းဘက်ကို တပ်ဆုတ်သွားတာဖြစ်ပါတယ်။ မော်ချီးဒေသမှာ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်သွားတဲ့ အခြေနေမျိုးဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်များမှာ မယ်စဲ့၊ ဖားဆောင်း၊ ဘော်လခဲစသည့်မြို့နယ်များရှိ ၎င်းတို့၏ ရှေ့တန်းစခန်းများ၊ စစ်ဆင်ရေးကင်းစခန်းများ တိုက်ခိုက်ခံရ၍ စခန်းဆုံးရှူံးမှုများ များပြားလာပြီး နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် တပ်ဆုတ်သွားကြခြင်း ဖြစ်ကြောင်း ‌KNDF ထံက သိရသည်။

ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များသည် ကရင်နီပြည်နယ်ရှိ ‌မယ်စဲ့၊ မော်ချီး၊ ရွာသစ်မြို့ သုံးမြို့ကို ထိန်းချုပ်ထားနိုင်ပြီး ရှားတော၊ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ စသည့် မြို့နယ်များတွင်လည်း နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင်နီ #မော်ချီးဒေသ #KNDF #ထိန်းချုပ်နိုင် #စစ်ကောင်စီတပ်များ #စခန်းစွန့်ခွာထွက်ပြေး #Ayeyarwaddy_Times