နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာအရေးနှင့် ပတ်သက်၍ တွေ့ဆုံမှုများသည် စနည်းနာခြင်းဖြစ်ပြီး ထိုချဉ်းကပ်မှုအပေါ် စောင့်ကြည့် ရမည်ဟု လေ့လာသူများက သုံးသပ်သည်။

လာအိုနိုင်ငံသည် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် သံတမန်အတွေ့ အကြုံရှိသော အာလွန်ကယ်ကစ်တစ်ခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကိုယ် ခန့် အပ်၍ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းခရီးစဉ်များ ပထမဆုံးစေလွှတ်ခဲ့သည်။

“လာအိုက ကိုယ်စားလှယ်က NUG တို့ဘာတို့ အားလုံးနဲ့ လိုက်တွေ့နေတာတော့ လိုက်စနည်းနာနေတာ၊ ဒီကိစ္စတွေကို နားလည်အောင် လိုက်လုပ်နေတယ်နဲ့ တူပါတယ်” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်ကိုယ်သစ် ဖြစ်လာသည့် အာလွန်ကယ်ကစ်တစ်ခွန်သည် ယခင်က လာအို၏ အာဆီယံရေးရာ ထိပ်တန်းတာဝန်ခံ၊ ကုလသမဂ္ဂဆိုင်ရာ လာအို အမြဲတမ်းကိုယ်စားလှယ်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ အာဏာသိမ်း စစ်ခေါင်းဆောင်အပြင် NCA လက်မှတ်ထိုးထားသော အပစ်ရပ်အဖွဲ့နှင့် နိုင်ငံရေးပါတီများအား တွေ့ဆုံခဲ့သည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်တို့နှင့်ပါ မြန်မာအရေးဆွေးနွေးခဲ့ကြောင်း သိရှိရပြီး လာအိုအနေဖြင့် ၎င်းဥက္ကဋ္ဌ သက်တမ်းအတွင်း မည်ကဲ့သို့ တိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်မည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပမှ လေ့လာသူများက ထောက်ပြပြောဆိုထားသည်။

ထိုသို့ တွေ့ဆုံမှုများတွင် စစ်ကောင်စီက ယနေ့ထိတိုင် လိုက်နာဆောင်ရွက်ခြင်း မရှိသေးသည့် အာဆီယံ သဘောတူညီချက် (၅)ရပ် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့သည်ဟု သတင်းများအရ သိရှိရပြီး ထိုအရာသည် မကြာမီ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် အာဆီယံ အထူးကိုယ်စားလှယ်၏ ချဉ်းကပ်တွေ့ဆုံမှုဖြစ်သည်။

အဆိုပါ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာမည့် ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ၊ လွန်ပရာဖန်မြို့တော်တွင် ကျင်းပရန် စီစဉ်ထားပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ အဓိထား ဆွေးနွေးမည်ဟု သိရသည်။

“ဘာမှတော့ သိပ်ထူးထူးခြားခြား ဖြစ်လာဦးမယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ကောင်စီက အခုထိ သူတို့စိတ်ထဲမှာ လျော့စရာမလိုသေးဘူးလို့ တွက်ပုံရတယ်။ သူမလျော့ဘူးဆိုရင်တော့ ဘာမှသိပ်ဖြစ်လာစရာ အကြောင်းမရှိဘူး” ဟု ဒေါက်တာ လှကျော်ဇောက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် နောက်ဆုံးတက်ရောက်ခွင့် ရရှိခဲ့သော ၂၀၂၁ ခုနှစ်၊ ဧပြီအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ပြုလုပ်သည့် အာဆီယံအစည်း အဝေးတွင် မြန်မာအရေးနှင့် ပတ်သက်၍ အာဆီယံ သဘောတူညီချက် (၅)ရပ်ကို ချမှတ်ခဲ့သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက အတည်ပြုချမှတ်ထားသော အဆိုပါ သဘောတူညီချက် (၅)ရပ်ကို အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့သည် ၎င်းတို့သက်တမ်းအတွင်း ကြိုးပမ်းခဲ့သော်လည်း ယခုထိတိုင် အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။

ပုံစာ-လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန်

#လာအိုနိုင်ငံ #အာဆီယံအထူးကိုယ်စားလှယ် #မြန်မာ့အရေး #စနည်းနာတွေ့ဆုံ #စောင့်ကြည့်ရမည် #Ayeyarwaddy_Times