ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းကစတင်ပြီး ညနေပိုင်းအထိ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ တစ်ရွာဝင်တစ်ရွာထွက်မီးတင်ရှို့နေပြီး အဖိုးတန်ပစ္စည်းများကို ယူဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်း နဲ့ ရောက်ရှိလာပြီး ရေခါးကျေးရွာကို နံနက် ၈ နာရီဝန်းကျင်မီးရှို့ခဲ့ပြီး၊ ဒူးထောက်ကျေးရွာ နေ့လည် ၁ နာရီဝန်းကျင်မှာမီးရှို့ခဲ့ကာ၊ ပိုင်တောင်ကြီးကျေးရွာ နဲ့ ကျောက်မှော်ကျေးရွာ ကိုတော့ ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ မီးရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“ခုမနက် အစောပိုင်းက ထပ်ပြီးဝင်လာကြပြီး မနက်ပိုင်းကတည်းက မီးလိုက်ရှို့နေတာ။ တစ်ရွာဝင်တရွာထွက်နဲ့ အတော်ယုတ်မာပက်ဆက်တဲ့ စစ်တပ်ပါ။ ဒီနေ့အတော်လေးကို ခံနေကြရတယ်။ တစ်နေ့မှ အိမ်မှာအကောင်းမနေရ အကောင်းမစားရ မအိပ်ရနဲ့ နေ့တိုင်းပြေးနေကြရတာ။ အခုလဲ အဝတ်အစားလေးတွေထည့်ယူပီး ပြေးနေကြရပြန်ပီ အဖမ်းခံရတဲ့သူတွေလဲရှိတယ် “လို့စစ်ဘေးရှောင်အမျိုးသမီး တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဟာ ဆားလင်းမြို့နယ်အတွင်းရှိ ဆေးရုံ၊ ကျောင်းရုံးကျောင်း နေရာတွေမှာ စစ်ကောင်စီက သုံနေရာတပ်စွဲထားပြီး ဝမ်ပေါင်ကုမ္မဏီက စစ်တပ်ရဲများနဲ့ပါ ပူးပေါင်းကာ ၎င်း တို့ကိုခုခံရမလားဆိုကာ ဒေသခံတွေရဲ့နေအိမ်တွေကို တရွာဝင်တရွာထွက် မီးတင်ရှို့နေတာလို့ ဒေသခံတွေကဆိုပါတယ်။

ထို့ပြင် ဇူလိုင်လ ၂၇ ရက်နေ့မှာလည်း ပိုင်းတောင်ကြီးကျေးရွာကို စစ်တပ် ဝင်ရောက်မွှေနှောက်ပြီး ၎င်း ကျေးရွာအနီးရှိ တုံရွာ၊ အလယ်တောရွာ၊ တောကျောင်းရွာ၊ ရွာသစ်ရွာ၊ဆည်တဲ၊ စတဲ့ ကျေးရွာများကပြည်သူတွေဟာ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ထွက်ပြေးနေရတာ ၄ ကြိမ်ထက်မနည်း ရှိနေပြီလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဓာတ်ပုံ-CJ