
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် မဟာမိတ်အဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ပြီး အပြင်းအထန်ကာကွယ်နေကြောင်း TNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ယခု ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မဟာမိတ်သုံးဖွဲ့နှင့် KIO တို့က ကွတ်ခိုင်နှင့် နမ့်ဖက်ကာရွာတို့ကို အပြင်း အထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင် စီဘက်မှလည်း နောက်ဆုံး ဗျူဟာစခန်းမကျစေရေး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းသိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၃ရက် မနက် ၁၀နာရီခန့်ကစတင်ပြီး အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်လိုက်သည့်အတွက် မြို့အတွင်း ပိတ်မိ နေသူများနှင့်အဆက်အသွယ်ပြတ်တောက်သွားကြောင်း ကွတ်ခိုင်မြို့အတွင်းရှိ စစ်ဘေး ရှောင်များကိုကူညီနေသူထံမှသိရသည်။
တိုက်ပွဲများစတင်ပြင်းထန်လာကတည်းက ကွတ်ခိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြပြီး မြို့အတွင်း ပိတ်မိနေသူများလည်း ရှိကြောင်းသိရသည်။
စစ်ကောင်စီတပ်က မြို့ပြင်ရပ်ကွက်များနှင့် မြို့တွင်းရှိရပ်ကွက်များကို လေကြောင်း အသုံးပြု၍ ဗုံးများကြဲချသလို ဒရုန်းဗုံးများအသုံးပြု၍ တိုက်ခိုက်လျက် ရှိကြောင်း သိရ သည်။
ကွတ်ခိုင်မြို့၏ ရပ်ကွက် (၃)၊ (၄)၊ (၅)၊ (၈)တို့တွင်ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ တိုက်ပွဲများပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ကိုး လုံး၊ ပေါင် ၅၀၀ ဗုံး နှစ် လုံးတို့ဖြင့် ကွတ်ခိုင်မြို့တွင်းရှိ တုံဆင်လေးကျေးရွာနှင့် ရပ်ကွက်(၈)ရှိ ရဲစခန်းတို့ကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့်အတွက် ဇန်နဝါရီ ၁ရက်နေ့မှ ယနေ့ ဇန်နဝါရီ ၄ ရက်နေ့အထိ အရပ်သားပြည်သူ လေးဦးသေဆုံးပြီး ၁၀ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီအထိုင်စခန်းများကို KIAက အပြင်းအထန်တိုက်စစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ် များထံက သိရသည်။
ပုံစာ- ဇန်နဝါရီ၁ရက်နေ့တွင် စစ်ကောင်စီကကွတ်ခိုင်မြို့ကို လေကြောင်းမှတိုက်ခိုက်ခဲ့၍ အရပ်သားတစ်ဦးသေဆုံးခဲ့စဉ်
#ရှမ်းမြောက် #ကွတ်ခိုင် #ညီနောင်မဟာမိတ် #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times