နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် လေကြောင်းဖြင့်ပါ ဗုံးကြဲချခြင်းများ လုပ်ဆောင်နေ၍ မာလာကျေးရွာနှင့်တောင်ခြေ အနီးအနားရှိကျေးရွာရှိ ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၆ နာရီကတည်းက စတင် ပစ်ခတ်နေခြင်းဖြစ်ပြီး လေယာဥ်ဖြင့် ဗုံးကြဲမှုများအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများကိုပါ တစ်ညလုံး လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ကျောက်တော်မြို့က ပြည်သူတွေလည်း နေရပ်စွန့်ခွာမှုတွေများလာတယ်။ စစ်ကောင်စီတပ်က ပြည်သူတွေအများစုနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ။ ကျောက်တော်မြို့အနီးအနားက ကျေးရွာတွေမှာနေထိုင်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်” ဟု ကျောက်တော် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရခိုင်တပ်တော် (AA) သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ခရိုင်ရဲစခန်း၊ ခရိုင်ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စခန်း သုံးခုကို သိမ်းပိုက်ထားပြီး ကျောက်တော်မြို့ကိုပါ ဆက်လက်သိမ်းပိုက်မည်ကို စိုးရိမ်၍ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခြင်း၊ အဝေးထိန်းဒရုန်းများဖြင့် ဗုံးကြဲခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များ ထံက သိရသည်။

“အခုက လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရုံ မဟုတ်တော့ဘဲ အဝေးထိန်း ဒရုန်းတွေမှာ ဗုံးသီးတွေတပ်ပြီး ပစ်ချတာတွေပါလုပ်လာတာ။ တစ်ကြိမ် ဗုံးကြဲချတိုင်း ပေါက်ကွဲသံ အများကြီးကြားနေရတယ်” ဟု ကျောက်တော် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

#ကျောက်တော်မြို့ #စစ်ကောင်စီတပ် #လက်နက်ကြီး #ဒရုန်း #လေယာဥ်များ #ဗုံးကြဲတိုက်ခိုက် #ဒေသခံများတိမ်းရှောင် #Ayeyarwaddy_Times