ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ဧရာ၀တီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ လိုင်စင်မဲ့ စက်သုံးဆီဆိုင်များကို စစ်ကောင်စီက ဖမ်းဆီအရေးယူမှုများ ပြုလုပ်နေ၍ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ အားလုံးပိတ်ထားရကြောင်း ဒေသခံများထံက သိရသည်။

အိမ်မဲမြို့နယ်တွင် လိုင်စင်ရ စက်သုံးဆီဆိုင် မရှိခြင်းကြောင့် တစ်မြို့နယ်လုံး စက်သုံးဆီပြတ်လပ်ကာ သွားလာရေးနှင့် စက်မှုလုပ်ငန်းများ ရပ်ဆိုင်လုနီးပါး ဖြစ်နေ ကြောင်း မြို့ခံများထံက သိရသည်။

“မနေ့ကစပြီး မြို့ပြင်ရော မြို့ထဲရော ဆီဆိုင်တွေအကုန်ပိတ်ထားတယ်။ အချို့ဆို ဆီပန့်တွေပါဖြုတ်ပြီး ဖွက်ထားရတဲ့အခြေအနေဖြစ်နေတယ်။ အခုက တစ်မြို့လုံး အသွားအလားနည်းသွားပြီ ပြန်ဖွင့်မဲ့ရက်ကလည်း ဘယ်ရက်လည်းဆိုတာ မသိတော့ သွားလာရေးက လုံးဝအဆင်မပြေတော့ဘူး ” ဟု အိမ်မဲမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြို့နယ်တွင်း ဆီပြတ်လပ်မှုမှာ တစ်ရက်အတွင်း၌ပင် သိသာလာခဲ့ပြီး လက်တလော အသုံးပြုနိုင်ရန်အတွက် အခြားမြို့နယ်များမှ စက်သုံးဆီ သွားရောက်ဝယ်ယူနေကြရပြီး လိုအပ်သလောက်မရရှိသဖြင့် အခက်အခဲများ ကြုံနေရကြောင်းဒေသခံများက ဆိုသည်။

“အခု ဆီကမြို့ထဲရော မြို့ပြင်မှာပါမရတော့ဘူး။ အခြားနေရာက ဝယ်တော့လည်း အဆင်မပြေဘူး။ ပဲတွေဆေးဖြန်းတာ၊ စပါးရိတ်ဖို့တွေမှာ ဆီမရှိတော့ ထိုင်ကြည့် နေရတယ်။ ဒီထက်ကြာကြာ ဆီပြတ်ရင်တော့ စိုက်ပျိုးသမျှ ပစ်ရမှာပဲ” ဟု အိမ်မဲမြို့နယ်ရှိ ဒေသခံတောင်သူတစ်ဦးက ဧရဝတီတိုင်းမ်ကိုပြောသည်။

အိမ်မဲမြို့နယ်တွင် လိုင်စင်ရ ဆီဆိုင်များ မရှိခြင်းကြောင့် စက်သုံးဆီများအပြင် ဒီဇယ်ဆီနှင့် ပရီယမ်ဆီများ အမြောက်အများ လိုအပ်နေပြီး မြို့နယ်တစ်ခုလုံး အခက်ခဲကြုံနေရ ကြောင်းဒေသခံများက ပြောကြားသည်။

ထို့ပြင် လက်ရှိတွင် ဟင်္သာတ၊ အထောင်၊ ရှားခဲ၊ ကျောင်းကုန်း၊ ရေကြည်၊ အင်္ဂပူ၊ ကြံခင်း၊ မြန်အောင်
စသည့်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်များက စစ်သုံးဆီအသေးစားဆိုင်းများ ပိတ်သိမ်းထားခိုင်းသလို ဆီဆိုင်အချို့ကိုလည်း ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

#အိမ်မဲမြို့နယ် #လိုင်စင်မဲ့စက်သုံးဆီဆိုင်များ #စစ်ကောင်စီလိုက်လံဖမ်းဆီး #ဆီပြတ်လပ် #Ayeyarwaddy_Times