ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပြည်မြို့နဲ့ရွှေတောင်မြို့မှာ ဇူလိုင်လ ၂၆ ရက် မနေ့မနက်ပိုင်းက စာသင်ကျောင်းတွေမှာဗုံးတွေ့တယ်ဆိုတဲ့ ကောလဟာလတွေပြန့်နှံ့ခဲ့ပြီး လူစုလူဝေးတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြန့်နှံ့လာတဲ့ ကောလဟာလတွေကြောင့် ပြည်မြို့ပန်းဘဲတန်းကျောင်းနဲ့ အထက ၁ ကျောင်းတွေမှာ ကျောင်းသားမိဘတွေက ကျောင်းတက်နေတဲ့ ကျောင်းသားတွေကိုလာရောက်ခေါ်ယူခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလို လာရောက်ခေါ်ယူခဲ့ပေမယ့် စစ်ကောင်စီလက် အောက်ခံကျောင်းတာဝန်ရှိသူတွေက ပြန်မလွှတ်လို့ လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းတွေမှာ လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။

” စပြန့်တာကဘယ်ကနေစပြန့်တာမှန်းကိုမသိဘူး။ အဲ့ဒီလိုတွေတဆင့်တဆင့်ပြန့်လာပြီး ကျောင်းသားမိဘတွေကစိတ်ပူပြီး ပြန်လာခေါ်တာ၊ ကျောင်းအုပ်တွေနဲ့ဆရာမတွေကလည်းပြန်မထည့်ပေးဘူး။ အဲ့ဒီကနေကျောင်းတွေမှာလူစုလူဝေးတွေဖြစ်ကြတာ၊ လုံခြုံရေးတိုးမြှင်ပြီးဆက်သင်တယ်” လို့ ပြည်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အလားတူ ပြည်မြို့နဲ့ ၉မိုင်အကွာ ရွှေတောင်မြို့အထက် တန်းစာသင်ကျောင်းမှာ ဗုံးတွေ့တယ်ဆိုတဲ့ ကောလာဟာလတွေကြောင့် ကျောင်းသားမိဘတွေကကျောင်းသားတွေကိုပြန်လည်ခေါ်ဆောင်သွားပြီး ကျောင်းပိတ်လိုက်တယ်လို့သိရပါတယ်။

” ပြည်ကဟာဘဲ ဒီဘက်ထိပြန့်လာတာလား၊ ရွှေတောင်ကျောင်းကဟာဘဲသက်သက်ပြန့်တာလား၊ အဲ့ဒီဟာတွေပြန့်လာတော့ သူတို့စစ်ကောင်စီဝန်ထမ်းသား၊သမီးတွေကို အရင်ဆုံးလာခေါ်သွားကြတော့အကုန်ပြန်လွှတ်လိုက်တာ၊ ကျောင်းပိတ်လိုက်ရတယ်” လို့ ရွှေတောင်မြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း မကွေးတိုင်း၊အောင်လံမြို့နဲ့ ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်တို့က စာသင်ကျောင်းတွေမှာ ကျောင်းသားမိဘတွေနဲ့ ကျောင်းတာဝန်ရှိသူတွေအကြား လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။