
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
အာဏာသိမ်း စစ်ကောင်စီက ပြည်တွင်းစစ်တွင် အသုံးပြုရန်အတွက် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ဘက်စုံသုံး SU-30 တိုက်လေယာဉ် နှစ် စီးကို တပ်တော် ဝင်ခဲ့သော်လည်း လတ်တလောတွင် သုံး၍မရနိုင်သေးကြောင်း လေတပ် CDM အရာရှိနှင့် တပ်တွင်း နီးစပ်သူများက ထောက်ပြပြောဆိုသည်။
စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသည့် စစ်ကောင်စီက လေကြောင်းကို အဓိကထား အသုံးပြု၍ ခုခံကာကွယ်နေရချိန် စတုတ္ထမျိုးဆက်လွန်ဟု ခေါ်ဝေါ်ကြသော Su-30 SME အမျိုးအစား တိုက်လေယာဉ် နှစ် စီး ဒီဇင်ဘာ ၁၅ ရက်နေ့က တပ်တော်ဝင်ခဲ့ပြီး စတင်အသုံးပြုတော့မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုသည်။
“ဒီကောင်တွေကို သုံးမယ်ဆိုရင် ရုရှားကနေ Original ဝယ်ရတဲ့ ဗုံးတွေ၊ ရော့ကဒ်တွေပဲ သုံးမှရမယ့် အနေအထားပေါ့နော်။ ပြည်တွင်းက ကပစတွေမှာ ထုတ်တဲ့ ဗုံးတွေ၊ ရော့ကဒ်တွေက သုံးဖို့အဆင်မပြေသေးဘူး။ တော်တော်နဲ့တော့ အဆင်ပြေနိုင်မယ့် အနေအထားတော့ မရှိသေးပါဘူး။ အဲဒီတော့ စစ်ပွဲမှာ မသုံးသေးဘူးလို့ သိရပါတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်က စစ်ရေးပြ အခမ်းအနား အပါအဝင် လေတပ်နှစ်ပတ်လည်နှင့် တပ်တော်ဝင် အခမ်းအနားကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲကျေးရွာအနီးတွင် တည်ရှိသည့် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)တွင် နှစ်စဉ် နှစ်တိုင်းလိုလို အကြီးအကျယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်မူ မကြာသေးမီက ကရင်နီပြည်နယ်တွင် ပျက်ကျသွားသော လေယာဉ် အပါအဝင် တပ်တော်မဝင်ရသေးသည့် လေယာဉ်အမျိုးအစား အနည်းငယ်သာ ရှိတော့ သည့်အတွက် နေပြည်တော်၌သာ အကျဉ်းရုံး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းအသိုင်းအဝိုင်းထံက သိရသည်။
“SU ရဲ့ မိခင်အုပ်က အေလာ (နေပြည်တော်လေတပ်) မှာပါ။ လက်ရှိမြေပြင်မှာတော့ မသုံးသေးဘူး။ မောင်းနိုင်ဖို့အတွက် လေ့ကျင့်ပေးတာကတော့ ရုရှားပိုင်းလော့တွေက လေ့ကျင့်ပေးတာ ရှိတယ်” ဟု နေပြည်တော်လေတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရုရှားထုတ် Su-30 (ဆူခွိုင်း-၃၀) ဂျက်တိုက်လေယာဉ်သည် ရာသီမရွေး တိုက်ပွဲ ဝင်နိုင်သော အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းကြကြောင်း သိရသည်။
စစ်ကောင်စီသည် ရုရှားနိုင်ငံမှ SU-30 လေယာဉ် ခြောက် စီး ဝယ်ယူရန် လွန်ခဲ့သော ၂၀၁၈ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ထိုအချိန်က လေတပ်ချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကိုယ်တိုင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကူဘင်ကာ လေယာဉ်ကွင်းသို့ သွားရောက်၍ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။
ထိုတိုက်လေယာဉ်သည် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှု ရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ပြီး လေယာဉ်ဆီ အပြည့်ဖြည့်၍ ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၀) အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားသည်ဟု သုံးသပ်ပြောဆိုကြသည်။
“ပြည်တွင်းစစ်မှာ SU-30 ကို ထုတ်သုံးမယ် ဆိုရင်တော့ ဒါသူတို့ (စစ်ကောင်စီ) နောက်ဆုံး အဆင့်လို့ပဲ ပြောရတော့မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်အမျိုးအစား ပေါင်းစုံလည်း သူတို့သုံးပြီးပြီ။ အဲဒီလို သုံးနေရင်းနဲ့ကို သူတို့ မြို့တွေချ၊ စခန်းတွေ ချနေတယ်ဆိုတော့ သူတို့အနေနဲ့ လုပ်စရာလည်း မရှိတော့ပါဘူး။ လေကြောင်းမှာ SU-30 ကတော့ နောက်ဆုံးအဆင့်ပဲ ရှိပါတော့တယ်” ဟု CDM တပ်ကြပ်ကြီး ဇေယျက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ SU-30 တိုက်လေယာဉ် နှစ် စီးအား ရုရှားနိုင်ငံက ပေးပို့ခဲ့ကာ မြန်မာလေယာဉ်မှူးများကိုလည်း ရုရှားက လေ့ကျင့် ပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိစစ်ပွဲများ၌ စစ်ကောင်စီ အသုံးပြုလျက်ရှိသည့် လေယာဉ်များထဲတွင် မကြာခဏ ပျက်ကျလေ့ရှိသော သက်တမ်းကုန် တရုတ်ထုတ် A-5 တိုက်လေယာဉ်များ၊ ရုရှားထုတ် MiG-29 နှင့် Yak-130 တိုက်လေယာဉ်များလည်း ပါဝင်နေပြီး ယင်းတို့သည် အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။
“လက်ရှိစစ်ပွဲတွေမှာ သူတို့(စစ်ကောင်စီ) ဗုံးကြဲလေယာဉ်အဖြစ် သုံးနေတဲ့ K8 ဆိုလည်း ဒေါင်ဒေါင်မြည် သုံးနိုင်တာ ၂၀ ဝန်းကျင်လောက်ပဲ ရှိနိုင်မယ်။ Mi-17 ဆိုလို့ရှိရင်လည်း သုံးလေးစီးလောက်ပဲ သုံးနိုင်တော့မယ်လို့ ယူဆရတယ်ပေါ့နော်။ လွှဲရင် နည်းနည်းပေါ့။ လိုတိုးပိုလျော့ ဒီလောက်ပဲ ကွာမှာပါ” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက သုံးသပ်သည်။
စစ်ကောင်စီလေတပ်တွင် ရုရှားနိုင်ငံထုတ် SU-30 အပြင် Yak-130 အမျိုးအစား တိုက်လေယာဉ် ၁၈ စီးရှိပြီး နေပြည်တော်လေတပ်တွင် ၆ စီး၊ မန္တလေးတိုင်းရှိ တံတားဦးလေတပ်တွင် ၁၀ စီးနှင့် ရန်ကုန်တိုင်းရှိ မှော်ဘီလေတပ်တွင် အရံအဖြစ် ၂ စီးထားရှိကြောင်း သိရသည်။
နေပြည်တော်လေတပ်မှ Yak-130 အုပ်စုလေယာဉ်များကို ယာယီအုပ်မှူးအဖြစ် ဗိုလ်မှူး သက်လင်းမောင်နှင့် ဗိုလ်မှူး နေဝင်းကျော်တို့က ဦးစီးပြီး တံတားဦးလေတပ်မှ Yak-130 အုပ်ကို ဗိုလ်မှူး ရဲဇော်နိုင်က ဦးစီးကြောင်း သိရသည်။
စစ်ကောင်စီလေတပ် Yak-130 အုပ်တစ်ခုလုံး၏ လက်ရှိတာဝန်ခံအဖြစ် တံတားဦး လေတပ်မှ ဗိုလ်မှူး ရဲဇော်နိုင်က ဆောင်ရွက်နေကြောင်း တပ်တွင်းသတင်းရင်း မြစ်များထံက သိရသည်။
“လက်ရှိအနေအထားကတော့ သူတို့ရဲ့ Capacity ကတော့ တွေ့ရတဲ့အတိုင်းပေါ့လေ။ ပြည်တွင်းစစ်မှာတင် အသဲအသန် လေကြောင်းကို အသုံးပြုပြီးတော့ ခုခံ ကာကွယ်နေရတဲ့ အနေအထားတစ်ခု ဖြစ်နေပြီ။ လေတပ်မှာ SU-30 ကလွဲရင် ကျန်တဲ့ ဖိုက်တာတွေလည်း အကုန်အသုံးပြုပြီးသွားပြီ။ နောက်ဆုံး Transportation အနေနဲ့ အင်အား ရွှေ့ပြောင်း၊ ရိက္ခာထောက်ပို့လုပ်တဲ့ လူစီးလေယာဉ် တွေပါ သူတို့ထုတ်ပြီး ဗုံးကြဲလေယာဉ်အဖြစ် သုံးနေရတဲ့ အနေအထားမျိုး ရောက်နေပြီ” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် နိုင်ငံတဝှမ်းရှိ လက်နက်ကိုင်ခုခံမှု ပြင်းထန်နေသည့် ဒေသများသို့ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို အဓိကထား အသုံးပြုခဲ့ပြီး လက်ရှိတွင် SU-30 တိုက်လေယာဉ် နှစ် စီးကိုပါ ထပ်မံအားဖြည့် အသုံးပြုသွားရန် ပြင်ဆင်နေခြင်ဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ကမူ ယခု SU-30 တိုက်လေယာဉ် နှစ် စီးသည် စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များ ဖြစ်သည့်အတွက် ၎င်းတို့၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာ ရောက်သလို လေကြောင်းစွမ်းအားနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်အများစုကိုလည်း ထိရောက်စွာ စွမ်းဆောင်နိုင်သော နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်း ရပ်တည်နိုင်ရန် ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း ပြောဆိုထားသည်။
“အခုလိုထုတ်ပြတာ ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး။ လေယာဉ်မလာရင် ချက်ချင်း လက်နက်ချမယ်၊ လေယာဉ်လာမယ်လို့ လိမ်ပြောထားမှ ခံတိုက်မယ်ဆိုတဲ့ ကောင်မျိုး တွေကို ဂျင်းထည့်ဖို့ပဲ လုပ်လို့ရမှာပါ” ဟု လေတပ် CDM တပ်ကြပ်ကြီးက ဆိုသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီတပ်တော်ဝင် #SU30တိုက်လေယာဉ်၂စီး #သုံး၍ရမည်မဟုတ် #Ayeyarwaddy_Times