ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၂၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ(၂၅)ရက်နေ့၊ ညဘက်တွင် ဧည့်စာရင်းလိုက်လံစစ်ဆေးပြီး မတူပီမြို့၊ လောင်ဗန်းရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူဦးငိုင်အုပ်နှင့် ဇနီးဒေါ်ပိုးဇင်နီယာတို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးငိုင်အုပ်ကို ဖမ်းဆီးပြီးနောက် ယနေ့၊ ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းမှာ ဇနီးဒေါ်ပိုးဇင်နီယာကို ထပ်မံဖမ်းဆီးကာ စစ်ဗျူဟာတပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း မတူပီမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်မှုအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မတူပီမြို့ထဲမှာ စစ်ကောင်စီတပ်တွေက နေ့ခင်းဘက်တွေမှာ အိမ်ထောင်စုစာရင်းလိုက်လံစစ်ဆေးမှုတွေ ဒီရက်ပိုင်းမှာ ပြုလုပ်လာတယ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ ညဘက်မှာ လောင်ဗန်းရပ်ကွက်ကို ဧည့်စာရင်းလာစစ်ပြီး ဦးငိုင်အုပ်ကို အကြောင်းပြချက်မပေးဘဲ ဖမ်းဆီးသွားတယ်၊ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ပြန်ရောက်လာပြီး သူ့ဇနီးကို စစ်ဗျူဟာတပ်ထဲကို ဖမ်းခေါ်သွားတယ်ပေါ့နော်၊ ဦးငိုင်အုပ်က ရိုးသားတဲ့ ယာဉ်မောင်းတစ်ယောက်ပါ၊ ဘာကိစ္စနဲ့ လာဖမ်းသွားတာလဲဆိုတာ ကျွန်တော်တို့လည်း မသိရဘူး”ဟု မတူပီမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့မှာ စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပြီး ဒေသခံပြည်သူလူထုတွေကြားမှာ စိုးရိမ်မှုမြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုကြသည်။
မတူပီမြို့၊ လေမျိုချောင်းဘက်သို့ ကားလမ်းပြုပြင်ရန် လာရောက်ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CDF-Matupiတို့ ဇူလိုင်လ(၂၅)ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား(၅)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိကြောင်း CDF-Matupiက ထုတ်ပြန်ထားသည်။