
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် နေအိမ်များ၌ စက်သုံးဆီရောင်းချသောဆိုင်များကို ဒီဇင်ဘာဒုတိယပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၊မီးသတ်၊ထွေအုပ် နှင့် စည်ပင် အဖွဲ့များက လိုက်လံဖမ်းဆီးသောကြောင့် ပိတ်သိမ်းထားရကြောင်း သိရှိရသည်။
“ကျွန်တော်တို့ကို လိုင်စင်မရှိလို့ ဖမ်းမယ်ပြောတယ်။ ဟိုးအရင်ထဲက ဆိုင်ကြီးတွေ ကနေ နှစ်ဂါလံ သုံးဂါလံယူပြီး ပုလင်းလေးနဲ့အိမ်ရှေ့မှာ တစ်နိုင်တစ်ပိုင်ရောင်းတာ လိုင်စင်ဘယ်လိုလုပ်နိုင်မလဲ။ အရင်ကလည်း ရဲကဆီအလကားထည့်လိုက် မီးသတ်က အလှူငွေလာကောက်လိုက်နဲ့ ပေးနေရတာပဲ၊ ခုက သူတို့ကဥပဒေအမျိုးမျိုးလုပ်နေလို့ မဖွင့်ရဲတော့ဘူး “ဟု ပုသိမ်မြို့မှ ဆီရောင်းသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဧရာ၀တီတိုင်းတွင် စက်သုံးဆီပြတ်လတ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက နေအိမ်ရှေ့တွင် ရောင်းချနေသောဆီဆိုင်များနှင့် ဆီပန့်ဆိုင်အသေးများကို ရောင်းချခွင့်မပြုကြောင်း ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ၀င်ရောက်ဖမ်းဆီးကာ ဆီများကို သိမ်းယူသွားကြောင်း မြို့ခံများက ပြောသည်။
ဒီဇင်ဘာ ၁၀ရက်နေ့က စတင်ကာ နေအိမ်များတွင် ရောင်းချနေသည့် ဆီဆိုင်များကို ၀င်ရောက်ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ပုသိမ်မြို့တွင် နှစ်ဆိုင်၊ ကျောင်းကုန်းမြို့တွင် သုံးဆိုင်ကို သက်ဆိုင်ရာရဲစခန်းများတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ၃၇နှင့် အမှုဖွင့်ခံထားရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
“ကျွန်တော်ထင်တာတော့ ဒါက စည်းကမ်းကိုအကြောင်းပြပြီး ငွေရှာနေတာလို့ထင်တယ်။ ခုလိုပိတ်ပြီး တစ်လလောက်ဆို ဆီဆိုင်ငယ်တွေစုပြီး တစ်ဆိုင်ဘယ်လောက်ဆိုပြီး ငွေလာပေးလိုက်ရင် ပြန်ဖွင့်လုပ်လိမ့်မယ်။ စစ်တပ်အုပ်ချုပ်နေတဲ့ ခေတ်မှာ ဒါမျိုးတွေ ကြုံနေရမှာပဲ”ဟု ကျောင်းကုန်းမြို့ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မြို့များမှ ကျေးရွာများသို့ ပြေးဆွဲသော မော်တော်ယာဥ် ၊ စက်လှေများကိုလည်း ကျေးရွာများမှ မှာယူသော စက်သုံးဆီများကိုသယ်ယူခွင့်မပြုပဲ ဖမ်းဆီးနေသောကြောင့် ကျေးရွာအချို့တွင် ဓါတ်ဆီ တစ်လီတာကို ၅၀၀၀ကျပ်အထိ ဈေးနူန်းတက်ကာ ၀ယ်ယူရန် အခက်အခဲရှိနေကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-ကျောင်းကုန်းမြို့တွင် ဆီရောင်းချသည့် အိမ်ဆိုင်ကို စစ်ကောင်စီလက်အောက်ခံများ ၀င်ရောက်ဖမ်းဆီးနေစဉ်
#ဧရာ၀တီတိုင်း #နေအိမ်များ၌ရောင်းချသောစက်သုံးဆီဆိုင်များ #စစ်ကောင်စီ #ရဲ #မီးသတ် #ထွေအုပ် #စည်ပင် #လိုက်လံဖမ်းဆီးသောကြောင့် #ပိတ်သိမ်းထားရ #Ayeyarwaddy_Times