ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်၂၅ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ မြို့မရဲစခန်းမှ ရဲတပ်သား ၃ ဦး ဇူလိုင်လ ပထမအပတ် အတွင်းမှာ စွန့်ခွာထွက်ပြေးခဲ့ပြီး ၂ ဦးပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း မအူပင်ရဲစခန်းနှင့်နီးစပ်သူများထံကသိရသည်။

မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲတပ် သား မျိုးကိုကိုအောင်၊ ရဲတပ်သား လမင်းနှင့် ရဲတပ်သား သက်နိုင်ဦးတို့သည် ဇူလိုင်လပထမအပတ်အတွင်းတွင် ခွင့်မဲ့ပြုလုပ် စခန်းစွန့်ခွာထွက်ပြေးခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါရဲတပ်သားများမှ မျိုးကိုကိုအောင်နှင့်လမင်း တို့ သည် ထွက်ပြေးပြီး ၂ ရက်အကြာတွင် မအူပင်မြို့နယ်အတွင်းမှာပင် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး သက်နိုင်ဦးက လွတ်မြောက်သွားခဲ့ကြောင်းသိရသည်။

” စခန်းကထွက်ပြေးတာက ဇူလိုင်လပထမအပတ်ထဲမှာပေါ့၊ သူတို့ဒီကြားထဲမှာ လွတ်တဲ့နေရာကိုထွက်ဖို့ကြိုးစားနေတုန်းမှာ ၂ ရက်လောက်ဘဲကြာတယ် ပြန်အဖမ်းခံလိုက်ရတယ်၊ ၁ ယောက်ကတော့လွတ်သွားတယ်” ဟု မအူပင်ရဲစခန်းနှင့်နီးစပ်သည့်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီက မအူပင်ရဲစခန်းတွင်မချုပ်ဘဲ မအူပင် ထောင်တွင် ထောင်ကြီးချုပ်ဖြင့်ဖမ်းဆီးထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ဝင်များအနေဖြင့် လည်း ရဲစခန်းများမှအကြောင်းအမျိုးမျိုးဖြင့် စွန့်ခွာထွက်ပြေးနေကြသလို ပြည်သူလူထုနှင့်ပူးပေါင်းလာသည့် CDM ရဲများလည်း ၈၀၀၀ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း CDM ရဲများထံကူညီပေးနေသည့်အဖွဲ့အစည်းများထံကသိရသည်။