
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ရှိ ကျေးရွာများအနီးတဝိုက်မှာ စစ်ကောင်စီတပ် ၊ စစ်ကောင်စီလက်အောက်ခံရဲနှင့် စစ်ကောင်စီတပ် ဖွဲ့စည်းပေးထားသည့် ပျူစောထီး အဖွဲ့များသည် နယ်မြေရှင်းလင်းရေးလုပ်ဆောင်သည်ဟုဆိုကာ စစ်ကြောင်းထိုး ဝင်ရောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သိလ္လာတိုက်နယ်ဘက်သို့ စစ်ကြောင်းထိုးမှုများ ရှိကြောင်းသိရသည်။
“အဖွဲ့စုံ လက်နက်အစုံနဲ့ ရှေ့တန်းစစ်မြေပြင်ထွက်သလို စစ်ကြောင်းထိုးနေတာ ကျေးရွာ အုပ်ချုပ်ရေးမှုးတချို့လည်းပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာဆိုပြီး ရှေ့တန်း ထွက်သလိုမျိုးပဲ။ စစ်ကောင်စီတပ်က ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်နဲ့ ပျူစောထီး အဖွဲ့တွေလည်းပါတယ်” ဟု မြောင်းမြမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းအတွင်းက မြို့နယ်အချို့ရှိ ဆေးရုံများ၊ စာသင်ကျောင်းတွင်လည်း တပ်စခန်းချခြင်းများ ပြုလုပ်နေပြီး မြို့ပေါ်ရဲစခန်းများတွင် ခံစစ်ပြင်၍ ဝါးချွန်များနှင့် ရှေ့တန်းစစ်မြေပြင် စခန်းများကဲ့သို့ လုပ်ဆောင်နေကြောင်း သိရသည်။
“စစ်ကြောင်းသာ လှည့်နေတာ စစ်သားပုံစံတွေလည်းမပေါက်ဘူး။ သေခါနီးတွေ အဖိုးအရွယ်တွေတောင်ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီးရွာတွေမှာ ပေါ်တာဆွဲမယ့် ပုံရှိတယ်။ အရွယ်ကောင်းတဲ့ လူငယ်တွေ အနေနဲ့ မလိုအပ်ဘဲ ရွာအပြင်ထွက်တာတို့ ခရီးသွားတာတို့ မလုပ်သင့်ဘူး” ဟု ပန်းတနော်မြို့က ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ပထမအပတ်ကတည်းက စတင်၍ ညောင်တုန်းမြို့၊ ပန်းတနော်မြို့ ၊ မအူပင်မြို့နှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာအချို့တွင် ပေါ်တာဆွဲခြင်းများရှိကြောင်း ဒေသခံများထံက သိရသည်။
#မြောင်းမြမြို့နယ် #ကျေးရွာများ #စစ်ကောင်စီတပ် #နယ်မြေရှင်းလင်းရေး #စစ်ကြောင်းထိုး #Ayeyarwaddy_Times