ဇလပ်ဖြူ/ ဧရာတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ကုန်းစခန်းသိမ်း တိုက်ပွဲအတွင်း စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ယမန်နေ့ နိုဝင်ဘာ ၂၁ရက်နေ့ ညနေပိုင်းတွင် လက်နက် ခဲယမ်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း PDF Zoland ပြန်ကြားရး တာဝန်ခံ ထံက သိရသည်။
စစ်ကောင်စီတပ် အထိုင်ချထားသည့် ကနေဒီ တောင်ကုန်းစစ်တပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၁ရက်နေ့ နံနက်၄နာရီခန့်မှ စတင်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF Zoland မှ စီးနင်းတိုက်ခိုက်ခဲ့ပြီး နံနက် ၆နာရီခန့်တွင် စခန်းကိုအပြီးသတ် သိမ်းပိုက်ရရှိကာ စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညနေ ၆နာရီခန့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်စဉ်အတွင်း ကျွန်တော်တို့ဘက်က ရဲဘော် တစ်ဦး (Tg.kam Lian Pau) ကျဆုံးတယ်။ စစ်ကောင်စီဖက်ကအလောင်း နှစ်လောင်းတွေ့တယ်။ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ စခန်းကိုသိမ်းလိုက်တဲ့ အချိန်မှာ သုံ့ပန်းတစ်ယောက်ဖမ်းမိတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံဖမ်းဆီးခဲ့ပြီး ညနေ၆နာရီ ဝန်းကျင်လောက်မှာ ဗိုလ်မှူးအပါအဝင် ၁၂ယောက် အရှင်ဖမ်းမိခဲ့ပါတယ်။ လက်နက်ခဲယမ်း တွေလည်းသိမ်းဆည်းရပါတယ်။ လောလောဆယ်ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို လုံခြုံတဲ့နေရာမှာသေချာစောင့်ရှောက်ထားပါတယ်”ဟု PDF Zoland ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၂ ဦးအပြင် ၎င်းတို့ထံမှ လက်နက်ငယ်များ၊ ၄၀-မမနှင့် ၆၀-မမဗုံးသီးများ၊ လက်နက်ငယ်ကျည်ဆံ အမျိုးမျိုးနှင့် စစ်ဖက်သုံး ကိရိယာပစ္စည်း အမျိုးမျိုး အပါအဝင် စားနပ်ရိက္ခာများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ်နှင့် နယ်နိနိမိတ်ချင်း ထိကပ်နေသော ကလေးမြို့မှနေ၍ ကနေဒီတောင်ကုန်းပေါ်သို့ လက်နက်ကြီးများဖြင့် ရမ်သန်းပစ်ခတ်နေပြီး ရဟတ်ယာဉ်ဖြင့်လည်း အကြိမ်ကြိမ်လှည့်ပတ် ပျံဝဲနေကြောင်း အဆိုပါ အနီးအနားရှိ ဒေသခံများထံက သိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အာဏာရှင်လက်အောက်တွင်နေ အသေခံခြင်းမပြုဘဲ လက်နက်ချ အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် PDF Zoland စစ်ဦးစီးချုပ် ကိုလီယိုက အသိပေးထားပြီး ထိုသို့မဟုတ်ပါက နောက်လာမည့် စခန်းသိမ်း တိုက်ပွဲများတွင် ပြင်းထန်သည့် အရေးယူမှုများနှင့် ကြုံရမည်ဟု ဆိုထားသည်။
ဓာတ်ပုံ-PDF Zoland
ပုံစာ-စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
#ချင်းပြည်နယ် #တီးတိန်မြို့နယ် #ကနေဒီတောင်ကုန်းတိုက်ပွဲ #စခန်းစွန့်ခွာထွက်ပြေး #စစ်ကောင်စီတပ် #ဗိုလ်မှူးအပါအဝင်၁၂ဦး #လက်နက်ခဲယမ်းများ #ဖမ်းဆီးရမိ #PDFZoland #Ayeyarwaddy_Times