
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ခမရ-၅၀၁၊ ခမရ-၅၀၂ ခြေမြန်တပ်ရင်းများမှ စစ်ကောင်စီတပ်သား အင်အား ၈ဝ ကျော်နှင့် လက်နက်ခဲယမ်းများ ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သီပေါကျင်သီ တံတားဘက်သို့ ပို့နေကြောင်း သိရသည်။
အဆိုပါ လက်နက်ခဲယမ်းများသည် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် မန္တလေးဘက်မှ ကျောက်မဲမြို့သို့ စစ်ကားအစီးရေ ၂၀ ဝန်းကျင်ဖြင့် လာရောက် ပို့ဆောင်ခဲ့သည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“တွဲကားအိမ်စီးကားတွေနဲ့ အများကြီးလာပို့ကြတာ။ အင်အား ၈၀ ကျော်လောက်ရှိတယ်။ မန္တလေးကနေ သယ်ပြီးလာပို့တယ်၊ ကျောက်မဲကနေတဆင့် သီပေါကျင်သီ တံတားဘက် ကိုသွားထားခဲ့တယ်။ RPG တွေအများကြီးပါတယ်။ သံချပ်ကာ ကားတွေလည်းပါတယ်” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
လက်ရှိ ကျောက်မဲတိုးဂိတ်တွင် စစ်ကောင်စီတပ်သားများ အင်အားတိုးချထားပြီး သီပေါ ကျင်သီတံတားတွင်လည်း စစ်ကောင်စီတပ်အင်အား အများအပြားကင်းချထား ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် နိုဝင်ဘာလအတွင်း ကျောက်မဲမြို့ အမှတ် ၇ ရပ်ကွက်ရှိ အ-မ-က ( ၅ ) ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များမှ လက်နက် ခဲယမ်းများအပြည့်အစုံ ပို့ဆောင်ထားကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်တွက်လည်း ကျောက်မဲမြို့ ခမရ ၅၀၁၊ ၅၀၂ တပ်ရင်းများကိုလားရှိုးဘက်မှ ရဟတ်ယာဥ်များအပြင် ပစ္စည်းဖြန့်သည့် Box ကားများနှင့် စစ်လက်နက်၊ ရိက္ခာများတင်ပို့ထားပြီး အင်အားဖြည့်တင်းထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံကသိရသည်။
ဓာတ်ပုံ-(သီပေါကျင်သီတံတာ မိုင်းခွဲဖျက်ဆီးခံထားရသည့်ပုံ)
#ကျောက်မဲ #ခြေမြန်တပ်ရင်း #ခမရ၅၀၁ #၅၀၂တပ်များ #စစ်သည်အင်အား #၈ဝကျော် #လက်နက်ခဲယမ်းများ #သီပေါဘက်သို့ပို့ဆောင် #Ayeyarwaddy_Times