နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို သုတ်သင်ခဲ့သလို ယခုထက် ပိုမိုပြင်းထန်သည့် လှိုင်းလုံးဂယက်ကြီးများဖြင့် ထပ်ခါထပ်ခါ ရိုက်ခတ်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထံက သိရသည်။
KNU နယ်မြေတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာအထိ တိုက်ပွဲပေါင်း ၁၁,၆၀၈ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀,၇၄၁ ဦးကို သုတ်သင်နိုင်ခဲ့သလို ၇,၇၇၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံး၊ ဒဏ်ရာရသူ အရေအတွက် စုစုပေါင်း ၁၈,၅၂၀ ဦးသည် စစ်ကောင်စီ အတွက် လွန်စွာ သွေးပျက်စရာ ကောင်းလှသည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ နိုင်ငံခြားရေးဌာန၏ တာဝန်ခံ ပဒိုစောတောနီးက ထုတ်ပြန်ပြောဆိုသည်။
“ဒီကနေ့ကာလမှာဆိုရင် အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ကာလ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ အင်မတန်မှပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စစ်ကောင်စီကို ရိုက်ခတ်နေတယ်ဆိုတာ နေ့စဉ်တွေ့နေရပြီ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး လာမည့်မဝေးတော့တဲ့ အနာဂါတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂယက်ကြီးတွေနဲ့ ထပ်ခါထပ်ခါ ဒီအကြမ်းဖက် စစ်ကောင်စီကို ရိုက်ခတ် တော့မှာ ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီ၏ တပ်ဖွဲ့စည်းပုံအရ တပ်မတစ်ခုကို တပ်ရင်း (၁၀)ရင်းဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့ ဖွဲ့စည်းပုံအရ တပ်မတစ်ခု၌ အင်အား ၁၀,၀၀၀ ရှိရမည်ဟု ဆိုသော်ငြားလည်း လက်တွေ့တွင် တပ်ဖွဲ့ဝင်အင်အား ၃,၀၀၀ သာရှိသလို စစ်ထွက်နိုင်မည့် တပ်မတစ်ခု၏ အရေအတွက်သည်လည်း ၇၀၀ ဦးသာရှိကြောင်း သိရသည်။
“အဲဒီ ၇၀၀ ကို တပ်မတစ်ခုစာနဲ့ တွက်လိုက်တဲ့အခါမှာ ကျွန်တော်တို့နယ်မြေမှာ ကျဆုံးသေကျေ ဒဏ်ရာရတဲ့ ၁၈၅၂၀ ဟာ တပ်မအရေအတွက် ၂၆ ခုနဲ့ ညီမျှပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဒီကာလမှာ အကြမ်းဖက်စစ်ကောင်စီဟာ မြောက်ပိုင်းဒေသမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို သူဘယ်လိုမှ စစ်ကူမပို့နိုင်တော့ပါဘူး။ ဘယ်လိုမှလဲ ဒီလောက်အရေအတွက်များပြားတဲ့ဟာကို သူတို့ပြန်ပြီးတော့ မဖြည့်ဆီးနိုင်တော့ပါဘူး။ အဲဒါလက်ရှိကြုံတွေ့နေရတဲ့ စစ်ကောင်စီရဲ့ အခြေအနေပါ” ဟု ပဒိုစောတောနီးက ဆိုသည်။
စစ်ရေးအပါအဝင် အကျပ်အတည်းပေါင်းစုံနှင့် တွေ့ဆုံနေရသော စစ်ကောင်စီသည် လက်ရှိတွင် ဆောက်တည် ရာမရဂနာမငြိမ်ဖြစ်နေပြီး ၎င်းတို့၏ လုပ်ရိုးလုပ်စဉ် အတိုင်း မရိုးနိုင်သောဖြစ်စဉ်များ၊ အထူးသဖြင့် ပြည်သူလူထု ဝေဝါးသွားစေနိုင်သည့် ကိစ္စရပ် များကိုလုပ်ဆောင်တော့မည်ဖြစ်ကြောင်း KNU က အသိပေးပြောဆိုထားသည်။
“တစ်ချက်အနေနဲ့ မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားနေတွကို တစ်ယောက်စ နှစ်ယောက်စအားဖြင့် ပြန်ပြီးလွတ်ပြတာမျိုး၊ နောက်ပြီးတော့ အင်မတန် ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ် ယောက်ကို လွှတ်ပေးပြီးတော့ ပြည်သူလူထု ဝေဝါးစေနိုင်တဲ့ သူတို့နဲ့ဆွေးနွေးမှုမျိုး၊ အပေးအယူလုပ်တာမျိုးကို လုပ်လာနိုင်ပါတယ်။ ဒီဟာတွေကိုလည်း ဂရုစိုက်စောင့်ကြည့်ဖို့ လိုပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီသည် လက်ရှိ စစ်ခေါင်းဆောင်ကို နေရာ အပြောင်းအလဲ တစ်ခုခုလုပ်၍ တစ်ခြားလူဖြင့် အစားထိုးကာ ဟန်ပြအပြောင်းအလဲမျိုး လုပ်ဆောင်လာနိုင် ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“အဲဒီလို ဖြစ်ခဲ့သည်ရှိသော် ကျွန်တော်တို့လက်ရှိတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစု အားလုံးနဲ့ ပြည်သူလူထု တစ်ရပ်လုံးကလည်း လုံးဝတွေဝေမနေဘဲ ဒီစစ်အာဏာရှင်စနစ်ကို ပြုတ်ကျရေးအတွက် တစ်စိုက်မတ်မတ် ဆက်လက် လုပ်ဆောင်သွားဖို့တော့ လိုပါတယ်လို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်” ဟု ပဒိုစောတောနီးက ဆိုသည်။
စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ ပြည်သူလူထုကို ပြစ်မှတ်ထား၍ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်နေသောကြောင့် လက်ရှိ တွင် နိုင်ငံတဝန်း၌ ပြည်သူ ၂ သန်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ဒီအရေအတွက်ဟာ ကျွန်တော်တို့ကို အင်မတန်မှ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လူသားချင်းစာနာထောက်ထားမှုကို ဂရုတစိုက် ပြုသော အားဖြင့် အမှန်တကယ် အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာရော၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဒုက္ခရောက်နေတဲ့ ပြည်သူ တွေဆီကို အမြန်ဆုံး ပို့ဆောင်ပေးပါလို့ ကျွန်တော်ပန်ကြားလိုပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီ၏ ဝင်ငွေ လမ်းကြောင်း မှန်သမျှ၊ အရင်းအမြစ် မှန်သမျှကို လုံးဝယိုထွက်မှုမရှိအောင် ၎င်းတို့နှင့် လက်တွဲ၍ ပိတ်ဆို့သွားရန် လိုအပ်ကြောင်း KNU က တိုက်တွန်းထားသည်။
ပုံစာ-ပဒိုစောတောနီး
#အာဏာသိမ်း #စစ်ကောင်စီတပ်ဖွဲ့ဝင် #၁၀၀၀၀ကျော်သုတ်သင် #ပိုမိုပြင်းထန်သည့် #လှိုင်းလုံးဂယက် #KNU #Ayeyarwaddy_Times