
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကျပ်ထားသော်လည်း အောက်တိုဘာလ တစ်လတာအတွင်း ခိုးမှု နှင့် ဖောက်ထွင်းမှုပေါင်း (၅၀)ကျော်ထိရှိကာ အမှုဖွင့်ဆောင်ရွက်မှုမရှိကြောင်း မြို့ခံများထံကသိရသည်။
ငါးသိုင်းချောင်းမြို့ တွင်း၌ ပြီးခဲ့သည့်အောက်တိုဘာလအတွင်းစစ်ကောင်စီတပ်၊ရဲ နှင့်ပျူစောထီး (ပြည်သူ့စစ်)အဖွဲ့များမှ ညစဉ်ကင်းလှည့်မှုများရှိနေသော်လည်း ခိုးမှုနှင့်ဖောက်ထွင်းမှုဖြစ်စဉ်များမှာ ပိုမိုဖြစ်ပွားလာကြောင်း မြို့ခံများထံကသိရှိရသည်။
“ခိုးမှုတွေဖောက်ထွင်းမှုတွေအရင်ထက်ပိုဖြစ်လာတယ်။မြို့ထဲမှာစစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေ ညတိုင်းကင်းလှည့်တာတောင်မလျော့သွားဘူး။ အဓိကမြို့အစွန်ရပ်ကွက်တွေဆိုပိုဆိုးတယ်။တခါမှဖမ်းမိတယ်မကြားဖူးဘူး”ဟု မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
မြို့တွင်းဈေးကြီးနေရာနှင့် မြို့အပြင် အောင်ဆန်းရပ်ကွက်တို့တွင် ခိုးမှုနှင့် ဖောက်ထွင်းမှု အများဆုံး ဖြစ်ပွါးနေပြီး ရဲထံအမှုတိုင်ကြားပါက အမှုဖွင့်ပေးခြင်းမရှိကြောင်း ကိုယ်တိုင်ခံစားခဲ့ရသည့်မြို့ခံများမှပြောဆိုသည်။
“မြို့အစွန်ပိုင်းတွေဆိုပိုဆိုးတယ်။ဈေးဘက်မှာလည်းဆိုင်တွေခဏခဏအဖောက်ခံရတယ်။ တလထဲနဲ့ကျွန်တော်တို့ရပ်ကွက်ထဲအမှုဖြစ်တာအကြိမ်၅၀လောက်ရှိနေပြီ။ ကျွန်တော်တို့အိမ်ဆိုရင် သိန်း၃၀ဖိုးလောက်ပါသွားတယ်။ ရဲသွားတိုင်လည်းအပိုပဲ။ အမှုတောင်မဖွင့်ပေးတော့ဘူး” ဟု အောင်ဆန်းရပ်ကွက်ဒေသခံတစ်ဦးကဆိုသည်။
ငါးသိုင်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှ ငါးသိုင်းချောင်းတံတားနေရာ၊ မြို့တွင်းရပ်ကွက်များတွင် လုံခြုံရေးအကြောင်းပြ၍ ယာဉ်စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးတောင်းခံမှုများပြုလုပ်နေပြီး ခိုးဆိုးလုယက်ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိ ဖြစ်နေကြောင်းမြို့ခံများကပြောဆိုသည်။
#ငါးသိုင်းချောင်း #အောက်တိုဘာလ #ခိုးမှု #ဖောက်ထွင်းမှု #၅၀ကျော်ဖြစ်ပွား #ရဲတပ်ဖွဲ့မှအမှုဖွင့်မပေးဟုဆို #Ayeyarwaddy_Times