ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မ ရဲစခန်းမှ ရဲတပ်သားများနှင့် ရဲမိသားစုဝင်များသည် မြို့မရဲစခန်း၌ သာသနာ့အလံထောင်ထားခဲ့ကာ အချုပ်သားများပါ ခေါ်ဆောင်ပြီး စခန်းစွန့်ခွာသွားကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းမှစတင်၍ ကျောက်မဲမြို့မ ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများ၏ မိသားစုဝင်များသည် ၎င်းတို့ပိုင်ဆိုင်မှု ပစ္စည်းများကိုတင်ဆောင်၍ ခမရ- ၅၀၁ သို့ ပြောင်းရွေ့ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်လည်း အချုပ်သားများကိုပါ ထပ်မံခေါ်ဆောင်၍ စခန်းစွန့်ခွာ ပြောင်းရွေ့သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“အောက်တိုဘာ ၂၇ ရက်နေ့ တိုက်ပွဲတွေစဖြစ်ပြီးတော့ တပ်(စစ်ကောင်စီတပ်)က အထိနာလာတဲ့အတွက် တဖြေးဖြေး စစ်တပ်ထဲကို ပြောင်းကုန် ကြတာ။ ကားပေါ်ပါ ပစ္စည်းတွေအကုန်တင်ရတယ်။ အခုမနက်ပိုင်းလဲ ဌာနဆိုင်ရာ အနီးတဝိုက်မှာ ပစ်ခတ်သံ တွေကြားနေရတယ်”ဟု ကျောက်မဲမြို့မ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကျောက်မဲမြို့မှနေ၍ ဂုတ်တွင်းဘက်သို့ လက်နက်ကြီးများနှင့် ပစ်ကူပေးနေပြီး ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“တရားရင်ဆိုင်နေရတဲ့ အချုပ်သားတွေပါ တပ်ထဲခေါ်သွားတော့ ရုံးချိန်းတွေလဲ မလုပ်နိုင်တော့ဘူး။ သူတို့ကို အတူတူတိုက်ခိုင်းဖို့ ခေါ်သွားတာမဟုတ်ရင်လည်း သူတို့ရှေ့ကနေ ကာဘာလုပ်ဖို့ခေါ်သွားတာလဲဖြစ်နိုင်တယ်။ ခုတော့ မိသားစုနဲ့ အဆက်အသွယ်မရကြတော့ဘူး” ဟု အချုပ်သားတစ်ဦး၏မိသားစုဝင်နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကျောက်မဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနများဖြစ်သည့် မြို့မရဲ စခန်း၊ လ၀ကရုံး၊ ထွေအုပ်ရုံး၊ တရားရုံးများရှိ ဆိုင်းဘုတ်များကို ဆေးအမည်းသုတ်ခြင်း၊ ဖြုတ်သိမ်းခြင်း များကို အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၁ ရက်နေ့နံနက်ပိုင်တွင်လည်း ညီနောင်မဟာမိတ် သုံးဖွဲ့ထံ စစ်ကောင်စီတပ်ရင်း-၁၄၃ တစ်ရင်းလုံး လက်နက်ချ အလင်းဝင်ရောက်လာခဲ့ကြောင်း ကိုးကန့်အခြေစိုက် MNDAA ၏ ကိုးကန့်သတင်းမီဒီယာတွင် ဖော်ပြထားသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နှင့် ရက္ခိုင်တပ်တော် (AA) တို့သည် ရှမ်းပြည်မြောက်ပိုင်းရှိ နောင်ချို၊ သိန္နီ၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ လားရှိး စသည့်မြို့များကို သိမ်းပိုက်ထားနိုင် ပြီး စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို ထိန်းချုပ်သိမ်းပိုက်လာသည့်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ထိုးစစ်ဆင်၍ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း ထုတ်ပြန် ထားသည်။

#ကျောက်မဲမြို့မရဲစခန်း #ရဲတပ်ဖွဲ့များ #မိသားစုများ #စခန်းစွန့်ခွာ #ပစ္စည်းများတင်ဆောင် #ခမရ၅၀၁ပြောင်းရွှေ့ #အချုပ်သားများခေါ်ဆောင် #Ayeyarwaddy_Times