
ဆလိုင်းဇလပ်ထန်/ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ နှစ်နှစ်ကျော် သုံးနှစ်တာကာလအတွင်း ချင်းတောင်တန်းပေါ်တွင် မြတ်မြတ်နိုးနိုး မွေးမြူကြသော ချင်းပြည်နယ်၏ သင်္ကေတ ရိုးရာ နွားနောက် အများအပြား သတ်ဖြတ်ခံရမှုနှင့် သေဆုံးမှုများရှိနေ၍ နွားနောက်များ ရှားပါးသွားမည်ကို စိုးရိမ်လျက်ရှိနေသည်။
ချင်းပြည်နယ်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်နယ် အတွင်း ထိုးစစ်ဆင်နေသော စစ်ကောင်စီ တပ်များက လမ်းတလျှောက်တွင် ကျက်စားနေသော နွားနောက်များကို တွေ့ရာကြုံရာတွင် ပစ်ခတ်သတ်ဖြတ် စားသောက် မှုများ ပြုလုပ်ကြသည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ် နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များ ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့်လည်း တောထဲ တောင်ထဲရှိ နွားနောက်များမှာ လူသူမသိအောင် သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများက ပြောပြသည်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ နွားနောက်ပိုင်ရှင်တွေက ကိုယ်မွေးမြူထားတဲ့ နွားနောက် တွေကို လုံခြုံရေးအရ အရင်လို ကောင်းကောင်းမွန်မွန် မပြုစုနိုင်၊ မစောင့်ရှောက်နိုင်တော့ဘူး။ တောထဲမှာ ဒီအတိုင်းပဲ လွှတ်ထားကြရတယ်။ သေလား၊ ရှင်လားဆိုတာလည်း မသိရတော့ဘူး။ နွားနောက်တွေက ပိုင်ရှင်တွေနဲ့ ကင်းကွာသွားရင် နွားနောက် အရိုင်း ပုံစံပြောင်းသွားတယ်”ဟု နွားနောက် အများပြား မွေးမြူသော ဒေသခံ ဦးပါဟွေ့က ပြောသည်။
စစ်တပ်အာဏာ သိမ်းချိန်မှ လက်ရှိ အချိန်အထိ ချင်းဒေသ၏ ရိုးရာ အမှတ် လက္ခဏာ ဖြစ်သော နွားနောက် စုစုပေါင်း ထောင်ဂဏန်း နီးပါး သတ်ဖြတ် ခံထားရကြောင်း နွားနောက် မွေးမြူသူများက ပြောပြကြသည်။
ချင်းပြည်နယ်တွင် နွားနောက်များ သတ်ဖြတ် ခံရသည်မှာ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး သမိုင်းတလျှောက်တွင် စံချိန်တင် သတ်ဖြတ် ခံရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ခြံခတ်မွေးမြူ၍ မရသည့် ချင်းရိုးရာ နွားနောက်များကို ချင်းတောင်တန်း ပေါ်တွင် လွှတ်ကျောင်း ပုံစံမျိုးဖြင့်သာ မွေးမြူနိုင်ပြီး နွားနောက် အထီးသည် တကောင်တည်း အနေများတတ်ကာ မကြာခဏ သွားရောက် ကြည့်ရှု စောင့်ရှောက်မှုများ မပြုလုပ်ပါက နေရာဒေသ ပြောင်းရွှေ့၍ တောရိုင်းတိရစ္ဆာန် ဖြစ်သွားတတ်သည်။
ထိုအခါ တောရိုင်း နွားနောက် ဖြစ်သွားသော နွားနောက်အထီးသည် ပိုင်ရှင်မဲ့ဖြစ်သွားကာ ပိုင်ရှင်မရှိတော့သည့် အတွက် မုဆိုးများက တွေ့လျှင် သတ်ဖြတ်ပိုင်ခွင့် ရှိသည်ဟု ဆိုသည်။
ချင်းတိုင်းသားများသည် ရိုးရာနွားနောက်ကို အလွန်မြတ်နိုး တန်ဖိုးထားကြပြီး အိမ်မွေးတိရစ္ဆာန် ပုံစံဖြင့် ရှေးယခင် ကပင် မွေးမြူ လာခဲ့ကြသည်။
ရိုးရာ ဓလေ့ ပွဲတော်များနှင့် သာရေး၊ နာရေး အခမ်းအနားများတွင် နွားနောက်သားဖြင့် ကျွေးမွေးလေ့ ရှိကြသကဲ့သို့ နွားနောက်ကို မင်္ဂလာကြေး၊ လျော်ကြေး၊ နစ်နာကြေး အဖြစ်လည်း သတ်မှတ် အသုံးပြုကြသည်။
“မိန်းမ တင်တောင်းတဲ့ အခါမှာ ကျွဲ၊ နွားတွေနဲ့ မရဘူး။ ရိုးရာ နွားနောက်နဲ့ပဲ တင်တောင်းလို့ ရတယ်။ ပြီးတော့ ပြဿနာတွေ ဖြေရှင်းတဲ့ အခါမှာလည်း နွားနောက်နဲ့ပဲ တိုင်းတာပြီး ကျေအေးတာ များတယ်။ ရိုးရာပွဲတွေမှာ အခြား တိရစ္ဆာန်တွေနဲ့ ပွဲတော်လုပ်လို့ မရဘူး။ နွားနောက်နဲ့ပဲ လုပ်ရတယ်”ဟု ဒေသခံ တစ်ဦး ဖြစ်သူ ဦးခွီရှိန်းက ပြောပြသည်။
ဒေသခံများသည် နွားနောက်ကို အသားစား ရန်အတွက်သာ သီးသန့် မွေးမြူခဲ့ကြပြီး အခြား အိမ်မွေး တိရစ္ဆာန်များ နည်းတူ မွေးမြူ နိုင်ရန်လည်း အလွန် ခဲယဉ်းလှသဖြင့် ချင်းတိုင်းရင်းသားတိုင်းက ရိုးရာနွားနောက်ကို မမွေးမြူနိုင်ကြသလို နွားနောက် ပိုင်ဆိုင်ခြင်းကိုလည်း ဂုဏ်ပုဒ် တစ်ခု ကဲ့သို့ တင်စားခဲ့ကြသည်။
ရှေးယခင်က နွားနောက် အများအပြားပိုင်ဆိုင်သူများ၊ ရိုးရာပွဲတွင် နွားနောက် အရေ အတွက် အများအပြားနှင့် ပြုလုပ်နိုင်သူကိုသာ သူဌေးအဖြစ် သတ်မှတ်ခဲ့ကြသည်ဟု ဆိုသည်။
နွားနောက်သည် အအေးပိုင်းဒေသတွင် အဓိက ကျက်စား ရှင်သန်သည့် အတွက် မြန်မာနိုင်ငံတွင် လွယ်လွယ်ကူကူ မွေးမြူ၍မရနိုင်ပေ။
နွားနောက်များကို ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် နာဂဒေသ တို့တွင် မွေးမြူနိုင်ပြီး ရှမ်းပြည်နယ်နှင့် အခြား ပြည်နယ် အချို့တို့တွင်လည်း အနည်းငယ် မွေးမြူကြောင်း သိရသည်။
ချင်းရိုးရာ နွားနောက်များကို ချင်းပြည်နယ်၊ နေရာဒေသ အနှံ့တွင် အလွယ်တကူ မြင်တွေ့နိုင်ပြီး ပြည်တွင်းရှိ တိရစ္ဆာန် ဥယျာဉ်များတွင် ရှားပါး တိရစ္ဆာန် အဖြစ်နှင့်လည်း မြင်တွေ့နိုင်သည်။
နွားနောက်သားမှာ အခြားတိရစ္ဆာန်များထက် အရသာ ထူးကဲကောင်းမွန်ပြီး နာမည်ကြီး အစားအစာထဲတွင် ပါဝင်သည်။
နွားနောက်သားကို မြန်မာနိုင်ငံရှိ သူဌေးများနှင့် ဟိုတယ် လုပ်ငန်းရှင်များက ပြည်တွင်း၊ ပြည်ပ ဧည့်သည်များကို ဧည့်ခံ ကျွေးမွေးရန် ချင်းပြည်နယ်အထိ မှာယူခဲ့ကြသည့် အပြင် ပြည်ပက အမှာများလည်း ရှိသည်။
“တရုတ်နိုင်ငံကနေ အကောင်လိုက် လာဝယ်တာလည်း ရှိတယ်။ ပြီးတော့ အိန္ဒိယကလည်း လာဝယ်တယ်။ သူတို့နိုင်ငံမှာ နွားနောက်ကို မမွေးမြူနိုင်ကြဘူး။ ဒါကြောင့် အလွန် ရှားပါးတဲ့ နွားနောက်သားကို ချင်းပြည်နယ်အထိ ခက်ခက်ခဲခဲ လာဝယ်တာ ဖြစ်မယ်လို့ ထင်တယ်”ဟု ချင်းတိုင်းရင်းသား ဒေသခံ ဦးကျင်းလျန်ထန်းက ပြောသည်။
ပြည်တွင်း၊ ပြည်ပက စိတ်ဝင်စားလာသော နွားနောက်ကို ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်နှင့် မတူပီ မြို့နယ် တို့တွင် အများဆုံး မွေးမြူကြသည်။
နွားနောက် ဈေးသည် အထီး၊ အမ အပေါ် မူတည်၍ ဈေးနှုန်း ကွာခြားကာ အထီး တစ်ကောင်ကို မြန်မာငွေ ကျပ် သိန်း ၂၀ အထက်နှင့် အမ တစ်ကောင်လျှင် ကျပ် ၁၈ သိန်းအထိ ရှိသည်။
ချင်း တိုင်းရင်းသားများသည် ရိုးရာနွားနောက်၏ ဦးချို သင်္ကေတများကို တံဆိပ်တုံး၊ လိုဂို နှင့် အခြား ရိုးရာ အသုံး အဆောင်များတွင် ရိုးရာသင်္ကေတအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြုကြသည်။
ချင်းပြည်နယ်တွင် လက်ရှိကြုံတွေ့ရသည့် ရိုးရာနွားနောက်များ သတ်ဖြတ် ခံရခြင်း အပါအဝင် တောရိုင်း တိရစ္ဆာန် ဝံပုလွေများ၏ သတ်ဖြတ်ခြင်းနှင့် ခွာနာ၊ လျှာနာ ရောဂါတို့ကြောင့် မရေတွက်နိုင်အောင် သေဆုံးခဲ့ရကြောင်း သိရသည်။
ချင်းပြည်နယ် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ ခွာနာ၊ လျှာနာ ရောဂါများ ဖြစ်ပွားလျက်ရှိပြီး ဆေးကုသရန် ကာကွယ်ဆေး မရှိသည့် အတွက် တောထဲ၊ တောင်ထဲတွင် ကျက်စားနေသော နွားနောက် အများအပြားလည်း သေဆုံးမှုများ ရှိခဲ့သည်။
ဆယ်စုနှစ်ချီ ကြာမြင့်စွာ ဖြစ်ပွားခြင်းမရှိခဲ့သည့် ခွာနာ၊ လျှာနာ ရောဂါသည် ချင်းပြည်နယ်တွင် ထပ်မံ ဖြစ်ပွားခြင်းဖြစ်ကာ လက်ရှိ အချိန်အထိ ထိရောက်စွာ ကာကွယ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
“သေဆုံးတဲ့ အကောင် အရေ အတွက် အရမ်းများနေပြီ။ ပြီးတော့ နွားနောက်တွေဆို တောထဲ၊ တောင်ထဲမှာ ဒီအတိုင်း သေသေသွားတာ။ အရမ်းသနားဖို့ ကောင်းတယ်”ဟု မတူပီမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက ပြောပြသည်။
ခွာနာ၊ လျှာနာ ဖြစ်ပွားနေသော တိရစ္ဆာန်များကို ကုသနိုင်ရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန် ဒေသခံများက ပြည်တွင်း ဘက်တွင် ဆေးဝါးများ မှာယူနေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရောက်ရှိ လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထိုသို့သော အခြေအနေများတွင် ချင်းရိုးရာ နွားနောက်များကို အနီးကပ်မပြုစုနိုင်၊ မစောင့်ရှောက်နိုင်တော့၍ နွားနောက်ပိုင်ရှင်များက ၎င်းတို့ပိုင်ဆိုင်သော နွားနောက်များကို ချင်းကာကွယ်ရေး တပ်ဖွဲ့များထံ လှူဒါန်းမှုများ ရှိလာကြောင်း ဒေသခံမျာက ဆိုသည်။
ချင်းတောင်တန်းပေါ်က ချင်းရိုးရာသင်္ကေတ နွားနောက်များကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ခြင်း မပြုလုပ်နိုင်ပါက ယခင်က ကဲ့သို့ နွားနောက် အများအပြား မြင်တွေ့နိုင်တော့မည် မဟုတ်ဘဲ ရှားပါးလာနိုင်သည့် အခြေအနေနှင့် ဆက်လက် ရင်ဆိုင်ရဖွယ် ရှိနေသည်။
ချင်းပြည်နယ် မတူပီမြို့နယ်တွင် နွားနောက်များမွေးမြူထားသော်လည်း စစ်ဘေးရှောင် နေရသည့် ဦးလုံထဲာလ် က ယခုလို ပြောသည်။
“ကျွန်တော်တို့ဆီမှာတော့ နွားနောက်ပိုင်ရှင်တွေ စစ်ဘေးရှောင် နေရတာရယ်၊ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သတ်ဖြတ်တာတွေရယ်၊ နောက် နိုင်ငံရေး အခြေအနေကို အခွင့်ကောင်းယူ နွားနောက်တွေကို သတ်ဖြတ်ပြီး အသားစိမ်းနဲ့ အခြောက်လှမ်း ခိုးရောင်းတာတွေလည်း တအားများနေတယ်”
#သတ်ဖြတ်ခံရ #ရှားပါးလာမည်ကိုစိုးရိမ် #ချင်းရိုးရာနွားနောက်များ #သတင်းဆောင်းပါး #Ayeyarwaddy_Times